စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းက ရဲနှစ်ဦးထွက်ပြေးသွားတယ်လို့ သတင်းတွေထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ၁ ရက်နေ့က ထွက်ပြေးသွားတယ်လို့သတင်းထွက်လာတာဖြစ်ပြီး ရဲစခန်းက ရဲတွေနဲ့စစ်ကောင်စီတပ်သားတွေကတော့ ချက်ချင်းလိုက်လံရှာဖွေတာမျိုးမရှိခဲ့ပါဘူး။ ဒါပေမယ့် နှစ်ရက်အကြာမှာတော့ ကားငယ်နှစ်စီး၊ အင်အား ၁၀ ဦးဝန်းကျင်နဲ့ မြို့ထဲ ကင်းလှည့်စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မြိတ်ခရိုင်တပ်ရင်း(၁)သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “စစ်ကောင်စီဘက်က ၂ ယောက်ပြေးတာတော့သိထားတယ်။ ရဲလား စစ်သားလားတော့သေချာမသိဘူး။ ကျွန်တော်တို့နဲ့တော့အဆက်အသွယ်မရသေးဘူး။” လို့ ပြောပါတယ်။
ပုလောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတွေနဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကလည်း အခုလိုသတင်းထွက်ပေါ်နေတာသိရပေမဲ့ အတည်ပြုနိုင်တာတော့ မရှိသေးဘူးလို့ ပြောဆိုကြပါတယ်။
“ပလကောင်တွေ(ပလမြို့က စစ်ကောင်စီတပ်သားတွေ) က အင်အားရှိရင်ရွာပတ်နေတာ။ အခုအားလုံးပိတ်ထားတာ ထွက်ရှာလို့ရဲမှာလား။ အင်အားမရှိလို့ လမ်းမထွက်တာ” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အဲဒီရက်ပိုင်းအတွင်း တိုရွာ၊ ပလမြို့ကရပ်ကွက်တချို့နဲ့၊ တန်းရှင်း စတဲ့ရွာတွေဘက်မှာ PDF တပ်ဖွဲ့တွေလှုပ်ရှားတာတွေ၊ ခြောက်လှန့်ပစ်ခတ်တာတွေရှိခဲ့တာဖြစ်ပြီး အဲဒါတွေကြောင့်လည်း အပြင်မထွက်ရဲတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အခုနှစ် ဖေဖော်ဝါရီလကလည်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၁၀၃)က တပ်သားတစ်ဦး ပုလောမြို့နယ်ထဲမှာ တာဝန်ကျနေစဥ် မြိတ်ခရိုင်တပ်ရင်း(၁) ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီကို အလင်းဝင်ခဲ့ပါတယ်။