ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား လေးနာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဒီကနေ့ မနက် ၄ နာရီခွဲအချိန်ခန့်ကနေ တိုက်ပွဲစဖြစ်နေတာဖြစ်ပြီး ၈ နာရီခွဲအချိန်လောက်မှ ပစ်ခတ်သံတွေငြိမ်သွားတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“ မနက်စောစောကတည်းကနေ အကြီးသံရော အငယ်သံရော(လက်နက်ကြီး၊ လက်နက်ငယ်အသံ) ကြားနေရတာ အခုထိပဲ။ ” လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မနက် ၇ နာရီခွဲအချိန်လောက်မှာ ပြောပါတယ်။
မြိတ်-ထားဝယ် ကားလမ်းမပေါ်မှာရှိတဲ့ ပဝကုန်းရွာမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိသလို စစ်ကောင်စီတပ်သားတွေစခန်းချနေတဲ့ ရွာဘုန်းကြီးကျောင်းနှစ်ကျောင်းရှိပါတယ်။
အဆိုပါနေရာတွေကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကနဦးသိရပြီး တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၆ ဦးခန့် ဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီပြောဆိုချက်တွေနဲ့ တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုတော့ တနင်္သာရီတိုင်းမ်အနေနဲ့ ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။
ပလမြို့ခံတစ်ဦးကတော့ အပြန်အလှန်ပစ်ခတ်နေတဲ့အသံတွေရပ်သွားပေမဲ့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်သံကြားနေရတယ်လို့ ပြောပါတယ်။
“ပလရဲစခန်းကနေအခုပစ်လိုက်ပြန်ပြီ။ လေးငါးလုံးပစ်သံကြားတာ တစ်လုံးပဲ ပေါက်သံကြားတယ်။ သင်္ကန်းတောရွာဘက်ကိုပစ်နေတာ။” လို့ အဆိုပါမြို့ခံက ဒီကနေ့မနက် ၉ နာရီခွဲအချိန်လောက်မှာ ပြောပါတယ်။
မနေ့ညကလည်း ပလမြို့၊ တိုကျေးရွာဘက်က လက်နက်ကြီးပစ်သံ ၁၀ ချက်နီးပါးကြားခဲ့ရပေမဲ့ ပစ်သံသာကြားရပြီး ပေါက်ကွဲတဲ့အသံမကြားရဘဲ ဖြစ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
သင်္ကန်းတောရွာဟာ ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာရှိပြီး ပဝတ်ကုန်းရွာနဲ့ ရွာချင်းကပ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း ပဝတ်ကုန်းမှာ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီရွာစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားအမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။