ပုလောမြို့နယ်၊ ပဝတ်ဖျားရွာက သက်ကြီးပိုင်းအမျိုးသမီးကြီးတစ်ဦး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးဟာ မနေ့က ညနေ ၄ နာရီဝန်းကျင်မှာ ရွာထဲလမ်းလျှောက်နေချိန် စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကျည် အနီးအနားကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ခြေထောက်ကို ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ကျတာက ရွာလယ်က ဘော်ကွင်းအနီးမှာ။ အဲကွင်းနားက လူသွားလမ်းမှာ သွားနေတုန်းထိတာ။ ဒဏ်ရာကတော့ သိပ်မစိုးရိမ်ရဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်တွေ ပဝတ်ဖျားရွာထဲကိုကျနေတာ နှစ်ရက်ရှိပြီဖြစ်ပြီး အခုလ ၂၃ ရက်နေ့က ကျည် ၂လုံးကျရောက်ခဲ့ပြီး မနေ့က ၄ လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံကဆက်ပြောပါတယ်။
ပဝတ်ဖျားရွာဟာ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ စခန်းချတပ်စွဲထားတဲ့ ပဝတ်ကုန်းရွာနဲ့ ကပ်ရပ်ရွာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေသခံအချို့တဝက်က စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။
ပဝတ်ကုန်းရွာမှာ အခုလ ၂၀ ရက်နေ့ကတည်းက ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပုလောမြို့အခြေစိုက် ခလရ(၂၈၅)တပ်ရင်းကနေ အဲဒီရွာအနီးနားတဝိုက်ကို လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်နေတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ကြောင့် အခုလအတွင်း မင်းထိန်ရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အဆိုပါအမျိုးသမီးရဲ့ အမေဖြစ်သူကလည်း နှလုံးရပ်ကာ သေဆုံးခဲ့ပါတယ်။