ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ကလော စတဲ့ မြို့နယ်တွေက စစ်ဘေးတိမ်းရှောင်နေသူဦးရေ တစ်ပတ်အတွင်း ၁၀၀၀ နီးပါး တိုးလာတယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဒီနေ့ (မေ ၆)မှာ ထုတ်ပြန်ထားပါတယ်။
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေကနေ စစ်ဘေးရှောင်လာကြသူဦးရေ ဧပြီလ ၂၇ ရက်နေ့က ၇၁,၃၄၀ ဦးရေသာ ရှိခဲ့ရာက မေလ ၄ ရက်နေ့မှာတော့ ၇၂,၀၀၀ အထိ တိုးလာခဲ့တာပဲ ဖြစ်ပါတယ်။
ဆီဆိုင်ဒေသခံ တစ်ဦးက “သူတို့(စစ်ကောင်စီ)ကတော့ ပြန်လို့ရပြီ ပြောတာပေါ့။ ဒါပေမယ့် လက်နက်ကြီးတွေက ဒီရက်ပိုင်း ပိုပစ်လာတယ်။ ပြန်တဲ့သူတွေလည်း ရေမရ မီးမရနဲ့ လုပ်ကိုင်စားဖို့ကမရှိ။ တခါ လက်နက်ကြီးကလည်း ပြန်ကြောက်ရဆိုတော့ ထပ်ပြီး ပြန်လှည့်လာရတာပေါ့” လို့ ပြောပါတယ်။
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်တိုးလာပြီး အရပ်သား ထိခိုက်ဒဏ်ရာရသူ ၄ ဦးနဲ့ လူနေအိမ် ထိခိုက်ပျက်စီးမှုလည်း ၄ လုံး အထိ တိုးလာတယ်လို့ PYO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆီဆိုင်တိုက်ပွဲစတင်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး မေလ ၄ ရက်နေ့အထိ ပအိုဝ်းဒေသတွင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၄၆၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှု ၃,၁၇၈ ကြိမ်အထိ ကျူးလွန်ခဲ့တယ်လို့ PYO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၈၇ ဦးနဲ့ အရပ်သား ၆၇ ဦးအထိ သေဆုံးခဲ့ပြီး လူနေအိမ်နဲ့ ဘာသာရေး အဆောက်အဦးပေါင်း ၆၁၇ လုံးအထိ မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ PYO က စာရင်းပြုစုထားပါတယ်။