ပူပြင်းလာတဲ့ ရာသီဥတုကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ စစ်ရှောင်တွေအတွက် အရင်ကထက် သောက်ရေ၊ သုံးရေလိုအပ်ချက် များပြားလာနေပါတယ်။
နှစ်စဥ်နွေရာသီရောက်တိုင်း ရေလိုအပ်ချက် များပြားနေခဲ့မှုက အခုလို စစ်ဘေးရှောင်နေရတဲ့ကာလမှာ ရေအထူးပိုလိုအပ်လာတယ်လို့ ဆီဆိုင်မြို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“အခုတောထဲမှာ အပင်တွေကခြောက်၊ အရိပ်တွေမရတော့တဲ့အပြင် ရေထွက်ပေါက်၊ ရေချောင်းတွေလဲ ခမ်းကုန်ကြပြီ၊ အရင်က သောက်ရေလောက်ပဲလိုတာ ခုက သုံးရေပါလိုအပ်လာတာ၊ တောထဲဆိုတော့ တောမီးပါ ကြောက်ရတယ်” လို့ ဆီဆိုင်မြို့ အရှေ့ဘက်တော စစ်ရှောင်စခန်းတွေမှာ ရေရှားမှုဒဏ်ပိုခံနေရတယ်လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။
အမျိုးသမီး တွေဆို တကိုယ်ရေသန့်ရှင်းရေးအတွက်တောင် မသုံးနိုင်လောက်အောင် ခက်ခဲနေပြီး မသန့်တဲ့ ရေတွေ သုံးနေရတာတွေက ယားနာတွေပါ ဖြစ်စေလာတယ်လို့ သိရပါတယ်။
ရေလိုအပ်ချက်အတွက် ရေကို အလကားရရင်တောင် ပို့ရတဲ့ စရိတ် လိုတယ်လို့ကားနဲ့ရေလိုက်လှူနေသူ တစ်ဦးက ပြောပါတယ်။
“အချို့ရေစက်က စက်မောင်းခဆီဖိုးပေးရသလို စေတနာ အလှူရှင်တွေလဲ ရှိကြပါတယ်။ သွားပို့ရတာကတော့ ကားဆီဖိုးက မလွယ်ဘူး၊ ခုကဆီစျေးလဲ အရမ်းမတော တက်နေတော့လေ၊ ကားစိုက်နိုင်ပေမယ့် ဆီဖိုးတော့ လိုပါတယ်” လို့ ရေကားအလှူရှင်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ဂါလံ ၃၀၀၀ ဆန့် ရေကားတစ်ကားကို ကျပ် ၅ သောင်းမှ ၁ သိန်းကြား ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
သုံးရေက ချောင်းတွေက ရနိုင်ပေမယ့် သောက်ရေအတွက်က အဝီစိတွင်းရေမှဖြစ်လို့ ရေသန့်မရနိုင် မရောက်နိုင်၊ ရောက်ပေမယ့် ဝယ်မသုံးနိုင်တဲ့နေရာတွေက အဝီစိတွင်းရေ ပိုလိုအပ်တယ်လို့ သိရပါတယ်။
လက်ရှိ ရေသန့်စျေးကွက်မှာ ၁ လီတာ ၁ ဘူး ၄၀၀ကျပ်၊ ၂၀ လီတာ ဘူးကြီး ၂၀၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်နှုန်းတွေက ဝင်ငွေမရှိသူ စစ်ဘေးရှောင်တွေ မတတ်နိုင်တဲ့အခြေအနေမှာရှိနေတာ ဖြစ်ပါတယ်။
မတ်လ ၂၆ ရက် PYO က ထုတ်ပြန်ချက်အရ ပအိုဝ်းဒေသ စစ်ဘေးရှောင် ၁ သိန်းကျော်ရှိတဲ့အနက် နီးစပ်အဆင်ပြေရာ တောတောင်တွေထဲ စစ်ရှောင်သူခန့်မှန်း ၃ သောင်းကျော် ရှိပြီး ရေအလှူအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။