ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ကနေ ထွက်ခွာလာတဲ့ ယာဥ်အစီး ၆၀ ပါ စစ်ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့တွေ ရက်အတန်ကြာ ပိတ်ဆို့ တိုက်ခိုက်နေတဲ့ကြားက အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဘောလခဲမြို့သို့ ရောက်ရှိသွားတယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်ထံက သိရပါတယ်။
ဒီစစ်ယာဥ်တန်းဟာ အမှတ် (၁၄) လေ့ကျင့်ရေးကျောင်းမှာ ရက်အတန်ကြာ သောင်တင်နေပြီးနောက် ညအချိန်တွေမှာ သွားတာဖြစ်ပြီး ကားလမ်းဘေး တစ်လျှောက် အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားရင်းက ဘောလခဲမြို့သို့ ရောက်ရှိသွားတယ်လို့ သိရပါတယ်။
“သူတို့က ညတိုင်း ဖြတ်တာပေါ့နော်။ ပထမရက်က သုံးလေးစီး ဖြတ်တာပေါ့။ နောက်ရက်ကျတော့ အစီး ၃၀ နဲ့ ၅၀ ကြား ဖြတ်တာပေါ့နော်။ ကျွန်တော်တို့ လမ်းမကြီးကို ကပ်ဖို့ အဆင်မပြေတော့ အဝေးကနေ RPG နဲ့ ထုတာ ရှိတာပေါ့နော်။ လက်နက်သေးနဲ့က ပစ်လို့မရဘူး။ သူတို့ကား ပျက်စီး ထိခိုက်တာလည်း ရှိတယ်။ ညအချိန် ဖြစ်တော့ အတိအကျတော့ မသိဘူးပေါ့နော်”လို့ စစ်မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ယာဥ်တန်း ဖြတ်သန်းစဥ် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ် တိုက်ပွဲတွေ ဖြစ်ပွားပြီး ၂ ဖက် ထိခိုက် ကျဆုံးမှုတွေ ရှိပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။
လက်ရှိ စစ်ကောင်စီတပ်ဟာ ဘောလခဲမြို့နယ်က ကျေးရွာတွေမှာ ဘန်ကာ-ကတုတ်ကျင်း တွေ အခိုင်အမာ တည်ဆောက်ထားပြီး တစ်ရွာကို စစ်သား အယောက် ၂၀ နဲ့ စခန်းချနေပြီလို့ သိရပါတယ်။