ကသာမြို့နယ် ပိလ္လဟာရွာရှိ ဒေသခံပြည်သူ ၅၀ ကျော်အား ဇွန်လ ၁ ရက်နေ့၌ စစ်ကောင်စီတပ်က စစ်ပေါ်တာခေါ်သွားပြီး မွန်းလွဲ ၂ နာရီကျော်ခန့်၌ KIA တပ်ရင်း ၁၂ နှင့် ပကဖ ပူးပေါင်းတပ်တို့ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
နွယ်နီအိုင်မှ ထွက်လာသည့် ငါးအိုးရွာအခြေစိုက် ခလရ (၁၂၁) စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပိလ္လဟာရွာမှ အသက် ၆၀ နှစ်ကျော်အရွယ် ဒေါ်သန်းလှ ဆိုသူ၏ လက်မောင်း ထိခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် ညောင်ခြေထောက်ရွာတွင် နေအိမ်နှင့် သံခွံများအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသွားပြီး ဇွန်လ ၂ ရက်နေ့၌လည်း ပိလ္လဟာ ရွာရှိ လူနေအိမ် ၄ အိမ်ကို ထပ်မံမီးရှို့ကာ ညောင်ခြေထောက်ရွာရှိ လူနေအိမ် ၇၀ ခန့်ကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF တို့ မကြာမဏ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ အရပ်သားလူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။