မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းတွင် စစ်ကောင်စီတပ်က ရေကန်ပေါင်း ၁၀၀ နီးပါးအား ရေကန်ဆယ်ပြီး ယတြာချေနေကြောင်း ဒေသခံများက ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ပုဂံရှေးဟောင်းယဥ်ကျေးမှုဒေသသို့ ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ရောက်ရှိကာ ကန်ဆယ်ရန်ညွှန်ကြားခဲ့ပြီးနောက် ရှေးဟောင်းရေကန်များအား ဆယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ဆက်တိုက်လုပ်နေတာ။ ယတြာချေတဲ့သဘောပဲ။”ဟု ညောင်ဦးမြို့ခံတစ်ဦးက ပြောသည်။
အဘက်ဘက်က ရှုံးနိမ့်နေသည့်စစ်ကောင်စီက ကန်ဆယ်ကာ ယတြာချေနေခြင်းသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီက ထီးလိုမင်းလိုဘုရားကိုပါ မိုးကြိုးလွှဲတပ်ဆပ်သွားကြောင်း သိရသည်။
မြန်မာလူမျိုးများသည် ကံနိမ့်၊ကံမကောင်းသည့်အခါ ကံမြင့်တက်အောင် ပြန်ဆယ်သည့်အနေဖြင့် တိုက်ရိုက်အသံထွက်ဆင်တူသော ကန်ဆယ်သည့်အလုပ်အား ယတြာချေသည့်အနေဖြင့် ပြုလုပ်လေ့ရှိကြသည်။
စစ်ကောင်စီ၏ အစီအစဥ်အရ ပုဂံမြို့ဟောင်းရှိ ရှေးဟောင်းရေကန် ၄၆ ကန်နှင့် ဒုတိယအဆင့် ရှေးဟောင်းရေကန် ၄၅ ကန်အား ဆယ်ယူသွားမည်ဟု သိရသည်။ စစ်ကောင်စီကမူ ပုဂံဒေသတွင် မိုးတွင်းကာလ ရေကြီးရေလျှံမှုမဖြစ်ရန်အတွက် ကန်ဆယ်ခြင်းဟု အကြောင်းပြသည်။
စစ်ကောင်စီသည် ယတြာအတွက် ရေကန်များဆယ်ယူနေသော်လည်း ပြည်သူလူထုထံ အလှူငွေတောင်းခံနေပြန်သည်။ သို့သော် ယမန်နှစ် ၂၀၂၃အတွင်းက ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ အလံပုဂံ၊ မရိုးကန်၊ ညောင်လက်ဖက်ကန် အစရှိသည့် ရေကန်ကြီး (၃)ကန် ပြုပြင်ရန်ဟုဆိုကာ တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေမှ ကျပ်သန်းပေါင်း ၂၄၀ကျော် ထုတ်ယူသွားခဲ့သေးသည်။