အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များတွင် သိန်း ၁၀၀ နှင့် အထက် ငွေလွှဲပြောင်းမှုများကို အကြောင်းအရာ ခိုင်လုံစေရေး စိစစ်ရန်နှင့် မှတ်တမ်းတင်ထားရန် ပုဂ္ဂလိကဘဏ် အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ယခုဇွန်လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီ၏ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များအနေဖြင့် ငွေလွှဲပြောင်းမှုများကို အထူးစိစစ်ရန်နှင့် သိန်းရာချီသော ငွေလွှဲပြောင်းမှုများကို လုပ်ဆောင်မည်ဆိုလျှင် မည်သည့်အတွက်ကြောင့် လွှဲပြောင်းမည်ဆိုသည်ကို ခိုင်ခိုင်မာမာ စိစစ် မှတ်တမ်းတင်ထားရန် ညွှန်ကြားလာကြောင်း သိရှိရသည်။
“အရောင်းအဝယ်ကိစ္စဆိုရင် ဘယ်လိုအရောင်းအဝယ်လဲ။ ဟိုဘက်က လက်ခံမှာ ဘယ်သူလဲ။ ဒီဘက်က ဘာကြောင့် လွှဲမှာလဲ။ အဲဒါတွေကို အတိအကျ မှတ် တမ်းတင်ထားဖို့။ မသင်္ကာဘူးထင်ရင် ငွေလွှဲပြောင်းမှုတွေကို မှတ်သားထားဖို့ ညွှန်ကြားတာတွေရှိပါတယ်” ဟု မရမ်းကုန်းမြို့နယ်မှ KBZ ဘဏ်ခွဲလက် ထောက်မန်နေဂျာတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ထိုသို့ ငွေလွှဲပြောင်းမှုများကို အထူးစိစစ်ရန် ညွှန်ကြားသော်လည်း မည်သည့်အတွက် ကြောင့် ညွှန်ကြားသည်ကို အကြောင်း အရာ မဖော်ပြထားကြောင်း၊ တရားမဝင် ငွေလွှဲပြောင်းမှုများ၊ ဟွန်ဒီများ၊ တော်လှန် ရေးအဖွဲ့များထံသို့ ထောက်ပံ့မှုများကို စိစစ်တင်းကျပ် လိုက်လံ စုံစမ်းခြင်းဖြစ်နိုင်ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းသည့်အခြေအနေများဖြစ်ပေါ်နေရာ ယင်းသို့ ထိုးကျမှုများကို ထိန်းကွပ်ရန် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
ယနေ့ ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်းခွဲ စျေးရှိနေကြောင်း၊ အရောင်းအဝယ်မှာမူ ရပ်ဆိုင်းနေကြောင်း သိရှိရသည်။