ရက္ခိုင်ပြည် ၊ ပုဏ္ဏားကျွန်းမြို့ကို အကြမ်းဖက်စစ်တပ်ရဲ့ အပြင်းအထန်ခုခံတဲ့ကြားကနေ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
ပုဏ္ဏားကျွန်းမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်ကျန်တပ်ရင်းဖြစ်တဲ့ “ခမရ (၅၅၀)” ကို မတ် ၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာနဲ့ အကြမ်းဖက်စစ်ကောင်စီက ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေတဲ့ကြားက အာရက္ခစစ်သည်တော်တွေက ရဲရင်ပြောင် မြောက်စွာနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရက္ခိုင်ဒေသမှာ လက်နက်ချ အညံမခံတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ရက်မှ ရပ်နားခြင်း မရှိဘဲ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း အသိပေး ထားပါတယ်။
အကြမ်းဖက်စစ်တပ်ကတော့ ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရပြီးနောက် ရသေ့တောင်-ပုဏ္ဏာကျွန်း ကားလမ်းမရှိ စေတီပြင်တံတားကို မနေ့က ညနေမှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၁၂ ကြိမ်လာရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။