သရက်ချောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖော်ဆောင်လေ့ရှိတဲ့ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦး လက်နက်ကြီးပစ်ခတ်စဉ် မတော်တဆဖြစ်ပြီး ကျဆုံးခဲ့တယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ဟာ အသက် (၃၅)နှစ်အရွယ်ရှိ ကိုကျော်မင်းထွန်း(ခ) ရဲဘော်ဒီအိုင် ဖြစ်ပြီး အခုလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က လက်နက်ကြီးပစ်ခတ်စမ်းသပ်ချိန် မတော်တဆဖြစ်ကာ ကျဆုံးခဲ့တာဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရဲဘော်ဒီအိုင်ဟာ အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်ရင်း မြင့်မြတ်စွာကျဆုံးသွားတာဖြစ်တဲ့အတွက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့(TYC-PDF)က အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူအလေးပြုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရဲဘော်ဒီအိုင်ကျဆုံးခဲ့တဲ့အပေါ် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်းနဲ့ ကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။
ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့(TYC-PDF)ဟာ သရက်ချောင်းမြို့နယ်မှာစစ်ကောင်စီတပ်တွေနဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။