မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာအခြေစိုက်ပြီး စစ်ကောင်စီကိုလက်နက်ကိုင်ဆန့်ကျင်တော်လှန်နေတဲ့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Palaw – KPDF) ကို ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ရဲ့ တပ်ခွဲအဖြစ်ပြောင်းလဲလိုက်ပြီဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်ကြေညာပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ ရဲ့ တပ်ခွဲ ၅ အဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
“KNU/KNDO အဖြစ် ပြောင်းလဲလိုက်တဲ့ ရည်ရွယ်ချက်က ကရင်တိုင်းရင်သားတွေအားလုံး လူမျိုးစု အားလုံး ပိုပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြစ်စေချင်ပါတယ်။ နောက်ပြီးတော့ အာဏာရှင်ကို အပြီးပိုင်တိုက်ထုတ်ဖို့ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ပိုမိုပြီး အင်အားတောင့်တင်းမှု အားကောင်းလာစေဖို့နဲ့ ကော်သူလေးနယ်မြေ ပြန်လည် ထိန်းချူပ်နိုင်ဖို့ပြောင်းလဲလိုက်တာဖြစ်ပါတယ်” လို့ KNDO တပ်ရင်း ၇ တပ်ခွဲ ၅ ရဲ့ တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
Palaw KPDF အဖွဲ့ ဟာ အဖွဲ့မဖွဲ့ခင်ကတည်းက ဒေသခံအဖွဲ့တစ်ခုအနေနဲ့ စစ်ကောင်စီတပ်တွေကို တူမီးသေနတ် တွေနဲ့တော်လှန်တိုက်ခိုက်ခဲ့တာပါ။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ Palaw-KPDF အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။
စတင်ဖွဲ့စည်းချိန်ကနေ အခုအချိန်အထိ စစ်ရေးလှုပ်ရှားမှုအနေနဲ့ တိုက်ပွဲပေါင်း ၄၄ ကြိမ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ Palaw-KPDF အဖွဲ့ကနေသိရပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၂၀၃ ဦးသေဆုံးပြီး ၂၆၃ ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
Palaw-KPDF အဖွဲ့ဘက်ကတော့ သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရသူ ၁၁ ဦးရှိခဲ့တယ်လို့သိရပါတယ်။
တနင်္သာရီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၆၀ ထက်မနည်းရှိနေပြီး တချို့အဖွဲ့တွေက ကော်သူးလေတပ်မတော်(KTLA) နဲ့ ပူးပေါင်းလှုပ်ရှားနေသလို KNU ရဲ့တပ်တွေဖြစ်တဲ့ KNLA၊ KNDO တပ်တွေနဲ့ လက်တွဲတိုက်ပွဲဝင်နေတဲ့အဖွဲ့တွေလည်းရှိပါတယ်။