ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တပ်စိပ်မှူးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ပုလောမြို့နယ်၊ ပိတပ်ရွာမှာ မနေ့ကမနက်ပိုင်း စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ မနက် ၅ နာရီကနေ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ ၇ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အပြင် ညပိုင်းအထိ တိုရွာတောင်ပေါ်ကစစ်ကောင်စီတပ်၊ ခလရ ၂၈၅ တပ်ရင်း နဲ့ ပင်လယ်ထဲကစစ်သင်္ဘောတွေကနေ လက်နက်ကြီး တွေသုံးဖက်ညှပ်ပြီးပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ ဆက်တိုက်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် မြဒေါင်ကျေးရွာမှာတာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတေ် မြိတ်ခရိုင်တပ်ရင်း (၁) က တပ်စိပ်မှူး ဇင်ကို လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့တာပါ။
“လက်နက်ကြီးက ခေါင်းပေါ်တည့်တည့်ကိုကျတာ။ ပြီးတော့ ပွဲချင်းပြီးပဲဆုံးသွားပါတယ်” လို့ မြိတ်ခရိုင် တပ်ရင်း (၁) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးကပြောပါတယ်။
နောက်ထပ်ရဲဘော်နှစ်ဦးလည်း လက်နက်ကြီးထိမှန်ခဲ့ပြီး ရဲဘော်တစ်ဦးမှာ စိုးရိမ်ရတဲ့အနေအထားအထိဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲနဲ့လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်ကျဆုံးသလို စစ်ကောင်စီတပ်ဘက်ကလည်း ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရတယ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁) က ထုတ်ပြန်ထားပါတယ်။
တပ်စိတ်မှူး ဇင်ကိုရဲ့ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့တာတွေ အနစ်နာခံခဲ့တာတွေအပေါ်မှာ အလွန်အမင်းလေးစားဂုဏ်ယူမိကြောင်းနဲ့ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတယ်လို့လည်း မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လကတော့ ရေဖြူမြို့နယ် ဧကနိရွာတဝိုက်က တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သလို တနင်္သာရီမြို့နယ်၊ သကျက်နဲ့ဘန်ကျုတ်ကြားက တိုက်ပွဲမှာလည်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ရဲဘော်လူပု ကျဆုံးခဲ့ပါတယ်။