တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ကင်းပုန်းနှင့် PDF တပ်ဖွဲ့ ထိပ်တိုက်တွေ့ကာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့(စက်တင်ဘာ ၂၈)နံနက် ၁၀ နာရီခန့်က ပုလောမြို့နယ်၊ နန်းပရုတ်ကျေးရွာအနီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင် တပ်ရင်း(၁)မှ တော်လှန်ရေးရဲဘော်များ ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“အခုမနက် ၉ နာရီကျော်ကျော် ၁၀နာရီဝန်း ကျင် လောက် ပုလောမြို့နယ်၊ နန်းပရုတ်ကျေးရွာအနီးမှာ ဖြစ်တာ။ ကင်းပုန်းဝပ်နေတဲ့အဖွဲ့နဲ့ တိုးမိတာ”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ထိတွေ့မှုဖြစ်စဥ်တွင် အပြန်အလှန် ပစ်ခတ်ချိန် မိနစ်ပိုင်းခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် မှ နှစ်ဦးသေဆုံးကာ မြိတ်ခရိုင် ရင်း(၁)မှ တော်လှန်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော နန်းပရုတ်ကျေး ရွာသည် ပုလောမြို့နှင့် ခုနစ်မိုင်ခန့်အကွာတွင်ရှိပြီး ၎င်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က မကြာခဏ ကင်းပုန်းဝပ်လေ့ရှိသည်။