တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ကျောက္ကာကျေးရွာအုပ်စုရှိ ရွာများတွင် စစ်တပ်က ဆန်ဆိုင်များမှ ဆန်များကို သိမ်းယူပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်များကိုသာ ခွဲတန်းနှင့် ရောင်းချခိုင်းကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အောက်တိုဘာ ဒုတိယ အပတ်မှ စတင်၍ ကျောက္ကာကျေးရွာအုပ်စုရှိ ကျောက္ကာရွာနှင့် သဂျက်ကမ်းရွာများရှိ ဆန်အရောင်းဆိုင်များမှ ဆန်များကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံ သိမ်းယူခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အိမ်များတွင်သာ ဆန်ကိုရောင်းချပေးတော့ကြောင်း သိရှိရသည်။
ဆန်ရောင်းချရာတွင် ခွဲတန်းဖြင့် ၁ အိမ်လျှင် ၁ ရက်ကို ဆန် ၃ ပြည်နှုန်းဖြင့်သာ ရောင်းချပေးနေပြီး ဆန်များကိုလည်း ဈေးတင်၍ ရောင်းချလျက်ရှိကြောင်း၊ ကျောက္ကာရွာနှင့် ကုန်းလမ်း ရေလမ်း ၈ မိုင်ခန့်သာ ဝေးသည့် ပလမြို့တွင် ကျပ် ၄၀၀၀ ခန့်သာ ပေးရသည့် ပေါ်ဆန်းမွှေး ဆန် ၁ ပြည်ကို ကျောက္ကာရွာတွင် ၅၅၀၀ ကျပ်နှင့် ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အဆိုပါ ဒေသသည် ရေလုပ်ငန်းကို အဓိကလုပ်ဆောင်နေသည့် ဒေသဖြစ်ပြီး ဆန်ကို အကန့်အသတ်နှင့် ရောင်းချနေသည့်အတွက် ပင်လယ်ကို ရက်ရှည်ငါးဖမ်းသွားမည့် ရေလုပ်သားမိသားစုများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ပြောကြားသည်။
“လှေထွက်ရင် လူဦးရေပေါ်မူတည်ပြီး အနည်းဆုံး ၂၄ ပြည်ဆန်အိတ် ၅ အိတ်လောက်သယ်သွားရတာ။ အခုက သုံးပြည်ပဲ ဝယ်ခွင့်ပေးလိုက်တော့ ဘယ်လိုလုပ်ကြမလဲ။ ငတ်ပြီးသေအောင်လုပ်နေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကျောက္ကာကျေးရွာအုပ်စုတွင် ကျောက္ကာရွာ၊ ရာဇကြိုရွာ(ဒေသအခေါ်မချမ်းအေးကမ်းရွာ)၊ သဂျက်ကမ်းရွာ ၃ ရွာပါဝင်ပြီး ကျွန်းကျေးရွာများ ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများဖြစ်ကြောင်း၊ ပုလောမြို့နယ်သည် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲအဖြစ်အများဆုံးမြို့နယ်ဖြစ်သည့်အတွက် စစ်တပ်သည် ရွာများကို နည်းမျိုးစုံနှင့် ရိက္ခာဖြတ်တောက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။