ပုလောမြို့နယ်၊ ကြဲရွာကို ဒီနေ့ညနေပိုင်းက စစ်ကောင်စီ စစ်ကြောင်းဝင်လာပြီးရွာထဲက နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပလမြို့ဘက်ကနေ တောင်ရိုးတလျှောက်လာတဲ့ အင်အား ၈၀ ခန့်ပါစစ်ကောင်စီစစ်ကြောင်းတခု ဝင်လာပြီး ဒီနေ့ညနေ ၄ နာရီလောက်ကစလို့ ရွာထဲကနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ဝင်ကြည့်လို့မရဲသေးလို့ ဘယ်နှအိမ်ပါသွားလဲအတိအကျမသိရသေးဘူး။ သေနတ်တွေလည်း ရမ်းပစ်တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးတော့ ကနဦးနေအိမ် ၅ ဆောင်လောက်ပါသွားပြီလို့ ကြားရတယ်လို့ တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်ဝင်လာပြီး မီးရှို့နေတာကြောင့် ကြဲရွာက ဒေသခံတွေ ရွာလုံးကျွတ်စစ်ဘေးရှောင်ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်သားတွေ ကြဲရွာထဲမှာရှိနေပြီး နေအိမ်တွေကို မွှေနှောက်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
အခုလအတွင်း ရေဖြူနဲ့ သရက်ချောင်းက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးမီးရှို့ဖျက်ဆီးခဲ့ပါတယ်။