ပုလောမြို့နယ်၊ မဒေါင်ရွာကနေအိမ်တွေကို စစ်ကောင်စီတပ်က မနက်ကတည်းက မီးရှို့နေတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ရွာသားတွေရဲ့ နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက္ကူးရွာကနေ မဒေါင်ရွာဘက်ကို ဒီကနေ့မနက် ၈ နာရီခွဲဝန်းကျင်က စစ်ကြောင်းထိုးလာတဲ့ အဖွဲ့က ဖြစ်တယ်လို့ သိရပါတယ်။
“ပလဘက်နေ အခုမြင်နေတယ်၊ မီးခိုးတွေ။ မီးလုံးမည်းတွေ မနည်းဘူး၊ တက်လာနေတာ။ မဒေါင်ဘက်က တက်လာနေတာ။” လို့ ပလမြို့ခံအမျိုးသားတစ်ဦးက ဒီကနေ့မွန်းလွဲ ၃ နာရီခွဲက ပြောပါတယ်။
မီးရှို့ခံရတဲ့အိမ်အရေအတွက်နဲ့ ဖြစ်စဥ်အသေးစိတ်ကိုတော့ တင်္နသာရီတိုင်းမ်က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လက္ကူးကျေးရွာအုပ်စုထဲကို အခုတစ်ပတ်အတွင်း စစ်ကြောင်းထိုး ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက္ကူးရွာက နေအိမ် ၁၂ ဆောင်၊ ပြင်းဖြူရွာက နေအိမ် ၃ ဆောင်ကိုမီးရှို့ဖျက်ဆီးထားသလို အပြစ်မဲ့ အရပ်သား ၄ ဦးထက်မနည်းကိုလည်း သတ်ဖြတ်ထားပါတယ်။
အခုလ ၁၅ ရက်နေ့ကနေ ဒီကနေ့အထိ သုံးရက်အတွင်းမှာ လက္ကူးကျေးရွာအုပ်စုထဲ နှစ်ဖက်ပစ်ခတ်မှုတွေ နေ့စဥ်ရှိနေပြီး ထိခိုက်ကျဆုံးမှုတွေလည်း နှစ်ဖက်လုံးမှာရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးပြီး မီးရှို့၊ သတ်ဖြတ်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် လက္ကူးကျေးရွာအုပ်စုထဲက ပြည်သူတွေ စစ်ဘေးရှောင်ပြေးနေရပြီး အရေးပေါ်အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လက္ကူးကျေးရွာအုပ်စုမှာ အိမ်ထောင်စု အရေအတွက် ၁၂၀၀ ကျော်ရှိပါတယ်။