ပုလောမြို့နယ်ထဲက ကဒဲရွာမှာ မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ခံထားရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ကဒဲရွာတံတားမှာ စွန့်ပစ်ခံထားရတဲ့ကလေးငယ်ကို မနေ့က ညနေ ၃ နာရီလောက်မှာ PDF တွေက တွေ့ခဲ့တာဖြစ်ပါတယ်။
ကလေးက မွေးဖွားပြီးစ တစ်လမပြည့်သေးတဲ့အရွယ်လို့ ခန့်မှန်းကြပြီး တနင်္သာရီတိုင်းမ်က ရရှိတဲ့ ဓာတ်ပုံအရ စွန့်ပစ်ခံရတဲ့ ကလေးငယ်က မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်နေတာကို တွေ့ရပါတယ်။
စွန့်ပစ်ခံရတဲ့ အဲ့ဒီကလေးငယ် ယောင်္ကျားလေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
“ကလေးကံကောင်းပါတယ်။ ခေါ်စရာ အဖေတွေအများကြီး။”လို့ ကလေးကို ပြုစုပေးနေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကလေးကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အရွယ်ရောက်လာရင် သူ့ရဲ့ဆုံးဖြတ်ပိုင်ခွင့်အတိုင်းလုပ်ဆောင်ခွင့်ပေးမှာဖြစ်ပြီး အခုအချိန်မှာတော့ အကောင်းဆုံးပြုစုပျိုးထောင်ပေးသွားမယ်လို့ အဆိုပါ PDFတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
ကလေးငယ်ကို နို့တိုက်ကျွေးဖို့အတွက် မိခင်တစ်ဦးရဲ့ အကူအညီယူထားတယ်လို့လည်း သိရပါတယ်။
ဒေသခံအနည်းအကျဉ်းသာရှိတဲ့ ကဒဲရွာမှာ ကလေးငယ်ကို အခုလို လာရောက်စွန့်ပစ်သွားတဲ့အပေါ် ဒေသခံတွေနဲ့ PDFတွေက အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။
ပုလောမြို့နယ်၊ ကဒဲရွာမှာ မွေးကင်းစကလေးစွန့်ပစ်တဲ့ဖြစ်စဥ်ဟာ အခုတစ်ကြိမ်ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။