ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာက ဆယ်ကျော်သက်သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် ယောက်ျားလေး ၃ ဦးဖြစ်ပါတယ်။
အခုလ ၂၂ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးပြီး နန်းတောင်ရွာဘက်ကိုသွားချိန် အဲဒီရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အိမ်တစ်အိမ်ထဲမှာနေနှိပ်စက်နေတာမြင်မကောင်းဘူးတဲ့။ လက်နှောင်ကြိုးတုတ်ပြီး ရိုက်ထုနေတာမနည်းဘူးပြောတယ်။ လို့ မျက်မြင်တွေ့ခဲ့ရသူရဲ့ပြောစကားကိုကိုးကားပြီး ဒေသခံ အမျိုးသားတစ်ဦးကပြန်ပြောပြပါတယ်။
အဲဒီလို ရိုက်နှက်စစ်ဆေးပြီးနောက် ခေါင်းကိုအိတ်မည်းစွပ်ပြီး ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်းထဲကို ပို့လိုက်တယ်လို့ မျက်မြင်ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ဖမ်းဆီးခံရပြီး ၃ ရက်အကြာ ဒီကနေ့အထိ မိသားစုဝင်တွေနဲ့အဆက်အသွယ်မရသလို အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလအတွင်း ပုလောမြို့နယ်၊ သဲပုံရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးဆိုသူတွေဖမ်းဆီးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ မီးလောင်ချောင်းရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ အရပ်သား ၃ ဦးလည်း သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။