ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာက ဆိုင်ကယ်နဲ့တပိုင်တနိုင်စျေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့မနက် ၄ နာရီလောက်က စျေးရောင်းဖို့ လိုအပ်တာတွေ ထွက်ဝယ်တဲ့ မမီးကမ်းကို ပလမြို့၊ လမ်းသစ်လို့ခေါ်တဲ့ လမ်းဆုံတစ်နေရာမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းထားလိုက်တာလို့ သိရပါတယ်။
“အဲ့နားမှာ စစ်သားတွေပုံမှန်စစ်လေ့မရှိဘူး။ ရှေ့နေ့တွေက ပြည်သူ့စစ်အိမ်တွေမီးရှို့ခံရပြီးကတည်းက ကားငယ်နှစ်စီးနဲ့ နေ့နေ့ညညလှုပ်ရှားနေကြတာ။ ဘာကြောင့်ဖမ်းခံရတယ်တော့မသိဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ မမီးကမ်းနဲ့ သူမစီးလာတဲ့ဆိုင်ကယ်ကိုပါ ပလမြို့ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
ပလမြို့အမှတ်(၃)ရပ်ကွက်က ပလရဲစခန်းအနီးမှာရှိတဲ့ ပြည်သူ့စစ်လို့ဒေသခံတွေပြောတဲ့ မြို့ခံနှစ်ဦးရဲ့ အိမ်နှစ်ဆောင် လွန်ခဲ့တဲ့နှစ်ရက်က မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ညဘက်မှာ သေနတ်ငယ်တွေနဲ့ပစ်ခတ်ခြောက်လှန့်တာ၊ ဒေသတွင်းကင်းလှည့်တာတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာနေတာပါ။
ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်ဖြစ်ပြီး နေ့စဥ်နဲ့အမျှ လက်နက်ကိုင်တပ်ဖွဲ့တွေ တစ်ဖက်နဲ့တဖက်ခြောက်လှန့်ပစ်ခတ်တာ၊ အရပ်သားတွေဖမ်းဆီးခံရတာ၊ လက်နက်ကြီးကျည်ထိပြီး ထိခိုက်ဒဏ်ရာရတာ၊ ကုန်းလမ်းရော ရေလမ်းကပါ တပ်အင်အားဖြည့်နေတာ စတဲ့လှုပ်ရှားမှုတွေ နေ့စဥ်နဲ့အမျှရှိနေပါတယ်။