မြိတ်ခရိုင်၊ ပုလောမြို့နယ်က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းပြီး စစ်ကြောင်းအသစ်ဖွဲ့လိုက်တယ်လို့ ဒုစစ်ကြောင်းမှူး ကိုနေဝန်းက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
စစ်ကြောင်းကို နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်း လို့အမည်ပေးထားပြီး အခုလ ၁၇ ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ကိုနေဝန်းက ဆိုပါတယ်။
“အဖွဲ့တွေအမိန့်တစ်ခုအောက်ကနေ သွားလာလှုပ်ရှားမယ် စစ်ရေးဖော်ဆောင်တဲ့အချိန်ဆိုရင် စနစ်တကျ စုဖွဲ့ပြီးတော့ သွားနိုင်အောင်ပေါ့ဗျာ။” လို့ ဒုစစ်ကြောင်းမှူး ကိုနေဝန်းက စစ်ကြောင်းဖွဲ့ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
အခုဖွဲ့စည်းတဲ့စစ်ကြောင်းမှာ KNDO တပ်ရင်း (၇) ရဲ့ တပ်ခွဲ (၁)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၅)နဲ့ ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောကြီးမြွေဟောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုလောစစ်ကြောင်း- ၁ ၊ ပုလောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့(PRDF) နဲ့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)တပ်ရင်း တွေပူးပေါင်းဖွဲ့စည်းထားတယ်လို့ ဒုစစ်ကြောင်းမှူးဆီက သိရပါတယ်။
အားလုံးတစ်စုတစ်စည်းတည်းဖွဲ့စည်းလိုက်တဲ့ နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်းအတွက် အဘက်ဘက်ကလိုအပ်ချက်တွေရှိနေပြီး ထောက်ပို့အားတွေလည်းလိုအပ်နေတယ်လို့ ကိုနေဝန်းက ပြောပါတယ်။
ပုလောမြို့နယ်ထဲမှာ မိကျောင်းစစ်ကြောင်း၊ ပုလောစစ်ကြောင်း-၁ နဲ့ ပူရိယက္ခစစ်ကြောင်းတွေအရင်က ဖွဲ့စည်းခဲ့ဖူးပါတယ်။
တိုင်းရင်းသားလက်နက်ကိုတပ်ဖွဲ့ပါဝင်တဲ့စစ်ကြောင်းတွေကို တနင်္သာရီမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာလည်း ဖွဲ့စည်းထားပါတယ်။
ထားဝယ်ခရိုင်မှာလည်း လောင်းလုံးပကဖနဲ့ သရက်ချောင်းပကဖအဖွဲ့ဝင် တပ်ဖွဲ့ ၈ ဖွဲ့တို့ပူးပေါင်းပြီး ဒေါင်းညီနောင်စစ်ကြောင်းအဖြစ် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ စစ်ဆင်ရေးတွေလုပ်ဆောင်ခဲ့ကြောင်း ဒီနေ့မှာကြေညာချက်ထုတ်ပြန်ပါတယ်။