ပုလောမြို့နယ်၊ ကျောက္ကာရွာရှိ ဈေးဆိုင်များ ဆန်ရောင်းချခွင့် ပိတ်ပင်ခံရကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၁၂ ရက်နေ့က စတင်ပြီးရပ်မိရပ်ဖများနှင့် ဈေးဆိုင်ပိုင်ရှင်များကို စစ်ကောင်စီ ရေတပ်က အစည်းအဝေးခေါ်ယူခဲ့ပြီး ဆန်ရောင်းချခြင်းမပြုရန် ပြောဆိုခဲ့သည်။ ရောင်းဝယ်နေသည်ကို တွေ့ရှိပါက ငွေဒဏ်အပြင် ထောင်ဒဏ်များပါချမှတ်ခံရမည်ဖြစ်သည်ဟု သတိပေး ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“အရင်တုန်းက သမဝါယမပုံစံမျိုး ဝယ်ချင်ရင် သူတိုဖွဲ့စည်းပေးထား အဖွဲ့ဆီမှာလာဝယ်။ အိမ်ထောင်စုစာရင်းအလိုက် ရောင်းချပေးမယ်။ ခိုးတင်လာတာတွေ့ရင်တော့ အရေးယူမယ် ဆိုပြီးပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီခန့် ရာအိမ်မှူးများ ဦးစီးကာ ဆန်ရောင်းချနေပြီး ရွာပေါ်ရှိဈေးဆိုင်များတွင် ရောင်းချခြင်းမရှိတော့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
“ဈေးဆိုင်တွေကတော့ မရောင်းကြတော့ဘူး။ဝယ်ချင်ရင် ရာအိမ်မှူးဆီမှာ သွားဝယ်ရတယ်။လိုသလောက် ဝယ်လို့တော့မရဘူး။ အိမ်မှာရှိတဲ့လူဦးရေအပေါ်မူတည်ပြီး သူ့စကေးနဲ့သူ ရောင်းချပေးတယ်” ဟု ၎င်းကပြောသည်။
ပုလောမြို့နယ်၊ အရှေ့ဖျားရွာများကိုလည်း ဆန်၊ဆီ၊ရိက္ခာသယ်ယူခွင့် ပိတ်ထားသည်မှာ ၂နှစ်နီးပါးရှိလာပြီဖြစ်သည်။ အလားတူ ပြည်သူ့ကာကွယ်တပ်များ ဝင်ထွက်လေ့ရှိသည့် ကျေးရွာများကိုလည်း ဆန်သယ်ယူရောင်းချခြင်းကို စစ်ကောင်စီတပ်က ကန့်သန့်ထားသည်။