ပုလောမြို့နယ်ထဲက ကမ်းခြေရွာဖြစ်တဲ့နတ်အိမ်ကန်းရွာမှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဒေသခံတွေထွက်ပြေးနေရတယ်လို့ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
“လယ်ကွင်းထဲက တဲတွေဆိုလည်း ရိုက်ဖြိုနေတယ်။ သေနတ်နဲ့လည်းလျှောက်ပစ်နေတယ်။ ဘယ်သူမှမနေရဲတော့ဘူး။” လို့ အသက် ၃၀ ဝန်းကျင်အရွယ် ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားအင်အား ၇၀ လောက်ဟာ အခုလ ၁၂ ရက်နေ့ကတည်းက ရောက်ရှိလာပြီးကင်းပုန်းဝပ်တာနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသလို အင်အား ၂၀ လောက်ဟာလည်း မနေ့က ထပ်ရောက်လာတဲ့အတွက်စစ်ကောင်စီတပ်သား ၁၀၀ နီးပါးရှိနေတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကြောင်းလှုပ်ရှားမှုတွေကြောင့် ပြည်သူတွေထွက်ပြေးနေရတဲ့ နတ်အိမ်ကန်းရွာဟာ မကျည်းကုန်းကျေးရွာအုပ်စုမှာ ပါဝင်ပြီး အဲ့ဒီ ကျေးရွာအုပ်စုဟာ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၃၇၇ စုရှိပါတယ်။
နတ်အိမ်ကန်းရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားမှုတွေရှိနေသလို ပြီးခဲ့တဲ့လနောက်ဆုံးအပတ်က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကြဲကျေးရွာအုပ်စု၊ မီးလောင်ချောင်းရွာမှာလည်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
တိုင်းအတွင်းသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပုလောမြို့နယ်က ပြည်သူ ၁၅,၈၀၀ ဦးစစ်ဘေးရှောင်ခဲ့ရပါတယ်။