စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တရားရုံးကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မြို့နယ်တရားရေးဥက္ကဌနှင့် ကလေးငယ်တစ်ဦးအပါအဝင်ငါးဦးသေဆုံးကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။
ယနေ့ (ဒီဇင်ဘာလ ၁၂ ရက် )နေ့လယ် ၁၂ နာရီ ၅ မိနစ်ခန့်က ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ၌ ဖွင့်လှစ်ထားသော မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တရားရုံးကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ၂ ကြိမ်လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ထက်က ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့နယ်တရားရေးဥက္ကဌဦးသိန်းအောင်၊ ၎င်း၏ ဇနီးဖြစ်သူကျောင်းဆရာမ၊ ကာကွယ်ရေးရဲဘော်တစ်ဦး၊ အသက် ၁ နှစ်အရွယ်ကလေးတစ်ဦးနှင့် ကလေးမိခင်တို့ ကျဆုံးခဲ့ကြောင်း သိရသည်။
“နှစ်ကြိမ်ပစ်တာ။ တစ်ကြိမ်နဲ့တစ်ကြိမ်က မိနစ်ပိုင်းပဲခြားတယ်။ စုစုပေါင်း ၅ ဦး ကျဆုံးတာ။ နောက်ထပ်ထိတဲ့ အမျိုးသားတစ်ဦးကတော့ အသက်ရှင်နိုင်ဖို့များပါတယ်။ အပြင်လူတွေထဲက လင်မယားနှစ်ယောက်ရယ် ကလေးတစ်ဦးရယ် သုံးဦးရှိတာ တရားရုံးထဲမှာ။ ယောကျာ်းကဇီးဖြူကုန်းပျူရွာကနေ ထွက်ပြေးလာတာ။ အရင်ကတည်းကအပြင်မှာရောက်နေတဲ့သူ့မိန်းမက ကလေးလေးခေါ်ပြီး လာတွေ့တာ။ အဲချိန်မှာ ဖြစ်သွားတာ”ဟု ဦးဇော်ထက်က ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ၊ အခမ်းအနားပြုလုပ်ခြင်းလည်းမရှိဘဲ တရားရုံးဖွင့်ထားသည်ကို သတင်းပေးခံရ၍ ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဦးဇော်ထက်က ခန့်မှန်းသည်။
” တရားရုံးကို တည်ပစ်တာ။ သေဆုံးတဲ့အထဲမှာတရားရင်ဆိုင်နေတဲ့ သူနဲ့ သူ့ကလေးပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲ ဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် မင်းတိုင်ပင်ရွာကို ၂၀၂၂ ခုနစ်ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်၁၀လုံးထက်မနည်း ပျက်စီးခဲ့သည်။