စစ်ကိုင်းတိုင်း၊ ပုလဲမြိုနယ်၊ ကံကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပုလဲမြိုနယ် ပအဖ ခေါင်းဆောင် ကိုဇော်ထက် ကပြောဆိုသည်။
ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် ကံကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကျဲသွားခြင်းဖြစ်ကာ ပြည်သူများထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကာ အသေးစိတ် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“ဂျက်ဖိုက်တာ ၁ စီးနဲ့ လာပစ်သွားတယ်။ လောလောဆယ် ရှင်းလင်းရေးလုပ်နေတုန်းဆိုတော့ တိတိကျကျတော့ ပြောလိုမရသေးဘူး။ အိမ် ၂ လုံးကတော့ မီးလောင်သွားတယ်။ လူ ထိခိုက်ဒဏ်ရာရတာ ၃ ၊ ၄ ဦးရှိတယ် ကြားတယ်။ ထိခိုက်ဒဏ်ရာရလား အသက်အန္တရာယ်လား တိတိကျကျ မသိရသေးဘူး။ နောက်တစ်ချက်က အဲဒီမှာကလည်း ဖုန်းလိုင်းက ဆက်သွယ်လို မရဘူးလေ” ဟု ပုလဲမြိုနယ် ပအဖ ခေါင်းဆောင် ကိုဇော်ထက်က ပြောဆိုသည်။