စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့မှ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ပုလဲမြို့ပေါ်တွင် အထိုင်ချထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဝင်ရောက် ညအိပ်တပ်စွဲကာ စစ်ကြောင်းထိုးနေ၍ ရိုးရွာ၊ မုံ့ကြိုင်း၊ မြကုန်း၊ သေတ္တာရာ၊ ဇေတီယျုံ၊ ကုက္ကိုကုန်း၊ ကြောင်သန်း၊ နွယ်ရှောက်၊ လက်ပုကန်၊ ကျွန်းဘိုကုန်း ကျေးရွာများမှ ပြည်သူများ စစ်ဘေး ရှောင်ပုန်းနေရခြင်း ဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူမှ ပြောကြားသည်။
“အကြမ်းဖက်စစ်ကောင်စီ ကျေးရွာတွေထဲ ဝင်ရောက်လာရင်တော့ ထုံးစံအတိုင်းပဲလေ ပြည်သူပိုင်ပစ္စည်းတွေ အဖိုးတန်တွေ ကြက်တွေ ဝက်တွေ နွားတွေ သတ်ဖြတ်စားတာတွေကတော့ ထုံးစံအတိုင်းပါပဲ။ အခုလည်းပဲ ပြည်သူပိုင် ပစ္စည်းတွေ အလုအယက် ခိုးယူတာတွေ ရှိတယ်။ သူတို့ ပုလဲမြို့ထဲကို သယ်သွားတာ ရှိတယ်။ ပြည်သူပိုင်မွေးထားတဲ့ နွားတွေ သိုးတွေ ကြက်တွေတော့ သတ်စားတာတွေ ရှိပါတယ်” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
အကြမ်းဖက် စစ်တပ်သည် လက်ရှိအချိန်အထိ ပုလဲမြို့ထဲကို ပြန်လည်ဝင်ရောက်ခြင်းမရှိသေးဘဲ ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေ၍ ပြည်သူများမှာ တစ်နေ့တခြား စစ်ဘေးရှောင်ဦးရေများပြားလာနေပြီး သောင်းဂဏန်းအထိ ရောက်လာခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။