စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ABSDF Column – 3 မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်က နွယ်ရှောက်ကျေးရွာ၌ ညအိပ်ပြီး အင်ကြင်းစု ကျေးရွာဘက်သို့ ထွက်လာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ၁၀ မိနစ်လောက်ပဲကြာပါတယ်၊ နွယ်ရှောက်ကျေးရွာထဲကနေ ထွက်လာတဲ့ စစ်ကြောင်းကို ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ၊ ပျူစောထီးကျေးရွာဖြစ်တဲ့ အင်မထီးကျေးရွာကို ရိက္ခာဖြည့်ဖို့ လာကြတာပါ၊ လက်ရှိတော့ အင်ကြင်းစုရွာမှာ ရောက်နေတယ်၊ ဒီနေ့တော့ လေယာဉ်မလာဘူး၊ မနေ့ က ပုလဲပကဖနဲ့ ကျန်တဲ့အဖွဲ့တွေ တာဝန်ယူထားတဲ့ဘက်မှာတော့ တိုက်ပွဲဖြစ်တယ်၊ နမခကနေ Mi 35 တစ်စီးတက်လာပြီး လေကြောင်းပစ်ကူပေးတယ်၊ အသေးစိပ်တော့ ကျနော် မသိရသေးဘူးဗျ” ဟု ABSDF Column – 3 မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားတပ်မတော် (ချင်းတွင်းဒေသတပ်ရင်း)၊ ပြည်သူ့ကာကွယ် ရေးတပ်မ တော်( PDF)၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ယင်းမာပင်ခရိုင်တပ်ရင်း ၄ ၊ ယင်းမာပင်ခရိုင်တပ် ရင်း ၅ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ၊ယင်းမာပင်ခရိုင် တပ်ရင်း ၇ ၊ ယင်းမာပင်ခရိုင်တပ် ရင်း ၈ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ ၊ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ၊ယင်းမာပင်ခရိုင်တပ်ရင်း ၁၂ ၊ယင်းမာပင်ခရိုင်တပ်ရင်း ၁၉ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၈ ၊ ရဲခေါင်ပြောက်ကျား၊ ကိုယ်ပျောက်ဆင်ကြီး၊ မုဆိုးလေးအဖွဲ့၊ သခင်ကြီး ဒေါင်းညိုအဖွဲ့၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် Burma Democratic Libration Front ( B.L . D.F) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။