ပုလဲမြို့နယ် ညောင်ကုန်းရွာကိုယနေ့(ဇွန် ၂၇) ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကနဦးသတင်းအရ ပြည်သူသုံးဦးသေဆုံးကြောင်းပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။
“အဲ့ရွာမှာဘာမှမရှိဘူးဗျ။အစည်းအဝေးလည်းမရှိဘူး။ တပ်ရင်းတပ်ဖွဲ့လည်း မရှိဘူး။ဘယ်လိုသတင်းအမှားနဲ့ ပစ်တယ်မသိဘူး။ လောလောဆယ် ပြည်သူ သုံးဦး သေဆုံးတယ်လို့ကြားပါတယ်”ဟု ဦးဇော်ထက်ကဆက်ပြောသည်။
ညောင်ကုန်းရွာကို ဂျက်ဖိုက်တာတစ်စင်းဖြင့် နှစ်ကြိမ်ဗုံးကြဲပြီးနောက် ယခုအခါ စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှစ်စီးသည် ပုလဲနှင့် ယင်းမာပယ်အစပ်ဒေသများတွင် ပျံဝဲနေကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ် လေကြောင်း လှုပ်ရှားမှုများတွင် တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာလေယာဥ်တစ်စင်း မြောက်ဘက်သို့ ယနေ့မွန်းလွဲ ၃ နာရီ ၁၆ မိနစ်တွင် ထွက်ခွာပြီး ညနေ ၄ နာရီတွင် တံတားဦး သို့ပြန်လည်ဆင်းသက်သည်ကိုစစ်တပ်လေကြောင်းစောင့်ကြည့်ရေးချန်နယ်များမှသိရသည်။