ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးကို ရဲတပ်ဖွဲ့က ဝတ္တရားနှောက်ယှက်မှုနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
အမှတ် ၅ ရပ်ကွက်ကို ဧည့်စာရင်းဝင်စစ်ချိန်မှာ ပပပဝတီရပ်မှာနေထိုင်တဲ့ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက သူ့အိမ်ကို ဧည့်စာရင်းစစ်ဖို့ပြောရာကနေ ရဲကထိုးကြိတ်ပြီး ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
” သူကလည်း သူ့အိမ်ကို အတင်းစစ်ဆေးချင်တာ၊ ရဲကလည်း မစစ်ဘူး။ အဲ့မှာစကားများတာ၊ ဒီဘက်ကအဖွဲ့ကလည်း သူတို့စိတ်ထင်တဲ့အိမ်ပဲ စစ်တာ အိမ်တိုင်းကိုမစစ်ဘူး အင်အားလိုအပ်ချက်ကြောင့် အချိန်လုလုပ်နေရချိန်မှာ သူက အဲ့လိုမျိုး ဝင်ရှုပ်တော့ ပြသနာတွေဖြစ်ကုန်တာ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧည့်စာရင်းစစ်ဖို့ပြောတဲ့ ကြံ့ခိုင်ရေးပါတီဝင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပုသိမ်နယ်မြေရဲစခန်းမှာ တာဝန်ဝတ္တရားနှောက်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ကို နေအိမ်ဧည့်စာရင်းစစ်ဖို့ပြောဆိုခဲ့တဲ့သူ အမှုဖွင့်ခံထားရတဲ့ ပုဒ်မ ၃၃၂ ဟာ ပြစ်မှုထင်ရှားလို့ တရားရုံးက အမိန့်စီရင်ချက်ချရင် အနည်းဆုံး ငွေဒဏ်၊ အများဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ ပြစ်ဒဏ် ၂ ခုစလုံးကို တစ်ခါထဲ အမိန့်ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက ပြောပါတယ်။