ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ် မှာ ဇွန်လအတွင်း နေအိမ်များကို ဖောက်ထွင်းခံရတာတွေ ပိုများလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက ရပ်ကွက်တွေကိုကင်းလှည့်နေပေမယ့် ဖောက်ထွင်းခိုးယူသူတွေက အုပ်စုဖွဲ့ပြီး နေအိမ်တွေကို ဝင်ခိုးတာမျိုးတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“သူခိုးတွေပိုများလာတယ်၊ နေ့တိုင်း ဟိုမှာခိုးခံရဒီဆိုင်အဖောက်ခံရနဲ့တိုင်လဲမိတာမဟုတ်ဘူး။ ကိုယ့်အိမ်ကိုယ်လုံခြုံအောင်ပဲ သံဆူးကြိုးတို့အုတ်တံတိုင်းကာတာတွေပဲလုပ်ထားရတယ်”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ပုသိမ်မြို့ပေါ်က နေအိမ် တစ်လုံးကို မနက် ၂ နာရီအချိန်မှာ ဖောက်ထွင်းခံရပြီး ငွေသားအပြင် ၊ ဖုန်း ၆ လုံးနဲ့ နေအိမ်အသုံးအဆောင်များကို ယူဆောင်သွားတယ်လို့ ပိုင်ရှင်ဖြစ်သူကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းသွားလမ်းလာတွေကို ဆိုင်ကယ်စီးပြီး လိုက်လံလုယက်မှုတွေနဲ့ နေအိမ်တွေကို ၀င်ရောက်ခိုးယူမှုတွေပိုမိုဖြစ်ပွားပြီး တစ်ကြိမ်မှ ဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ပုသိမ်မြို့မှာ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေ အင်အားအများအပြားနဲ့ ကင်းလှည့်နေပေမယ့် တော်လှန်ရေးအင်အားစုတွေကိုသာအဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုးဆိုးလုနိူက်တွေနေ့စဥ်ဖြစ်ပွားနေပြီးလောင်းကစား၊ လုယက်မှု၊ မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာတာလို့ မြို့ခံတွေကပြောပါတယ်။