ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ရပ်ကွက်များတွင် နိင်ငံရေးလှုပ်ရှားမှုများကြောင့် တိမ်းရှောင်နေသူများ၏ စာရင်းများကိုလိုက်လံကောက်ယူခိုင်းနေကြောင်းသိရှိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆန္ဒပြမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများ၏ နေအိမ်များကို စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လိုက်လံဓာတ်ပုံရိုက်နေကြောင်း ဒေသခံများမှ ပြောသည်။
“အဓိကကတော့ ရပ်ကွက်ထဲမှာ ပြန်ရောက်နေလား ၊ သူ့အိမ်အပြင် ဆွေမျိုးနေအိမ်တွေပါ စာရင်းလုပ်ပေးရတာ။ စောင့်ကြည့်ရတဲ့နောက်ဆုံးအခြေအနေကို စာရင်းလုပ်ပြီးတင်ပြပေးရတာပဲ”ဟု ပုသိမ်မြို့ခံ ရာအိမ်မှူးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့တွင် ရာအိမ်မှုးများမှ လိုက်လံစာရင်းပြုစုနေခြင်းဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားသူများ ပြန်လာပါက ဖမ်းဆီးအရေးယူမှုများမပြုလုပ်ပဲ ပြန် လည်လက်ခံမည်ဟု အယုံသွင်းပြောဆိုနေကြောင်း၊ လိုက်လံအကြောင်းကြားစာရင်းကောက်ယူခြင်းခံရသည့် မိသားစုဝင်များထံမှသိရှိရသည်။
အလားတူ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ရဲတို့ပေါင်းပြီး လူမနေထိုင်သည့်နေအိမ်များကို လိုက်လံစာရင်းကောက်ယူနေကြောင်း သိရသည်။