ပုသိမ်မြို့ဝန်ထမ်းအိမ်ရာရှိ ပင်စင်စားဝန်ထမ်းများကို အိုးအိမ် ဦးစီးဌာနက ပင်စင်စား အဘိုးအဘွားများ အနေနှင့် နိဗ္ဗာန်ရောက်ချင်ပါက နေအိမ်မှ ဖယ်ပေးရန်၊ မဖယ်ပေးဘဲ ဆက်နေလျှင် ငရဲကျဖြစ်မည်ဖြစ်ကြောင်း ယနေ့ အစည်းအဝေးခေါ်၍ ပြောဆိုကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော အစည်းအဝေး ဗီဒီယိုတွင် ပြောဆိုထားသည်။
မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေးခေါ်ယူပြီး ပင်စင်စား ဝန်ထမ်းများ နေအိမ်များမှ ဖယ်ရှားပေးရန် ၊ မဖယ်ရှားလျှင် အစိုးရ၏ နှင်ထုတ်ခြင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အဆင့်ဆင့်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာအဟောင်းများနေရာတွင် အိုးအိမ်တိုက်တာအသစ်များနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟု အိုးအိမ်ဦးစီးဌာနက ဖိအားပေးသည်။
ပင်စင်စားဝန်ထမ်းများသည် ဝန်ထမ်း အိမ်ရာတွင် ဆက်လက်နေထိုင်ခြင်းသည် ဥပဒေကို ကျော်လွန်နေထိုင်ခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များ ဖြစ်၍ နောင်ဘဝတွင် ဥပဒေကျော်လွန် နေထိုင်သော လိမ်ညာမှု အကျိုးဆက်ကို ခံစားရမည်ဖြစ်ကြောင်း၊ နောက်ဘဝတွင် အိမ်မရှိဘဲ နေရမည်ဖြစ်ကြောင်းလည်း အိုးအိမ် ဦးစီးဌာနက အစည်းအဝေးတွင် ပြောဆိုထားသည်။
“ပင်စင် ဝန်ထမ်း အဘိုးကြီး အဘွား ကြီးတွေကို နေအိမ်တွေမှ ဖယ်မယ့် အစီအစဉ်ပါ ။ပုသိမ် မြို့ ဝန်ထမ်းအိမ်ရာကို ဖျက်ပြီး အိမ်ရာအသစ်တွေ ဆောက်မယ်။ စကစ ဝန်ကြီး သားသမီးတွေက အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းတွေ ဆောက်လုပ်ရောင်းဖို့ကို စီစဉ်ထားလို့ ပင်စင်စားတွေကို အမျိုးမျိုး အကြောင်းပြ ဖယ်ရှားဖို့ လုပ်တာပါ”ဟု အဆိုပါ အိမ်ရာတွင် နေထိုင်သူ ပင်စင်စားတစ်ဦးက ပြောကြားသည်။
လွန်ခဲ့သော ဖေဖော်ဝါရီလတွင်လည်း စည်းကမ်းပျက် အခန်းများ ဖယ်ရှား သည် ဆိုကာ ဆိုင်ခန်းဖွင့် စီးပွားရေး လုပ်သည့် အခန်းများကို အတင်းအဓမ္မ ဖယ်ရှားမှုများလည်း လုပ်ဆောင်ခဲ့သေးကြောင်း အိမ်ရာနေထိုင်သူများထံမှ သိရှိရသည်။