ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ နမ်ခမ်ကျေးရွာမှာ စက်တင်ဘာ ၂၇ ရက် ည ၁၀ နာရီလောက် CDM ကျောင်းအုပ်ဆရာကြီးတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
CDM ကျောင်းအုပ်ဆရာကြီးကို စစ်သားအင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။
“ဆရာကြီးက မနေ့ကမှ နမ်ခမ်အိမ်ကို ပြန်ရောက်လာတာ။ ည ၁၀ နာရီလောက်မှာ အရပ်ဝတ်နဲ့ လူတချို့ ရောက်လာတယ်၊ အင်အားများတယ်၊ ဆရာကြီးနေတဲ့အိမ်ကို ဝိုင်းပြီး ဖမ်းခေါ်သွားကြတာ၊ ဆရာကြီးကိုလည်း လက်နောက်ပြန်ချီပြီး ဖမ်းခေါ်သွားတယ်။”
မချမ်းဘောမြို့နယ်ထဲက နမ်ခမ်ကျေးရွာမှာ ဖမ်းဆီးခံရတဲ့ CDM ကျောင်းအုပ်ဆရာကြီးဟာ ရွာခံဒလန် သတင်းပေးတွေကြောင့် ဖမ်းဆီးခံရတာလို့ ရွာခံတဦးက ပြောပါတယ်။
“မချမ်းဘောမြို့နယ်က အစိမ်းဘက်က လူတွေများတယ်။ နမ်ခမ်ရွာက ပိုဆိုးတယ်။ ခုဖမ်းခံရတဲ့ ဆရာကြီးက ရွာက ကျောင်းသားတွေကို ပညာသင်ပေးခဲ့တဲ့သူပါ။ ပူတာအိုမှာ တော်လှန်ရေးဘက်ကလူတွေ ဖမ်းဆီးခံရတာက ဒေသခံ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကြောင့်ပါ။”
ကျောင်းအုပ်ကြီးဟာ ကျန်းမာရေးမကောင်းလို့ နေအိမ်ကို ခဏပြန်တဲ့အချိန် ဖမ်းဆီးခံရတာလို့ ကျောင်းအုပ်နဲ့ နီးစပ်သူကလည်း ပြောပါတယ်။
“ဆရာကြီးက နေမကောင်းတာ ဟုတ်တယ်။ အရင်တလောကလည်း သူ့နေအိမ်ကို ပြန်ခဲ့တာရှိတယ်။ ဒါကြောင့် ဆရာကြီးက ခုတကြိမ်လည်း ပြန်ခဲ့တာနေမယ်။ ပြီးတော့ ဆရာကြီးက ဘာမှမလုပ်ဘူးလေ။ ဒီတိုင်းပဲ အလုပ်ထဲကထွက်ပြီး သူ့မိသားစုဝင်နဲ့ အမျိုးတွေဆီမှာ အေးဆေးနေတာပါ။ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက CDM ကျောင်းအုပ်ဆရာကြီးကို ဖမ်းဆီးပြီး မိသားစုဝင်တွေရဲ့ ဖုန်းတွေအကုန်လုံးကိုလည်း မတရား သိမ်းယူသွားတယ်လို့ သိရပါတယ်။
မချမ်းဘော့မြို့နယ် နမ်ခမ်ရွာမှာ ဖမ်းဆီးခံရတဲ့ CDM ကျောင်းအုပ်ကြီး ဦးဟေဆန်းက မူလာရှီးဒီကျောင်းမှာ တာဝန်ကျသူဖြစ်တယ်လို့ သိရပါတယ်။
ပူတာအိုမြို့နယ် မူလာရှီးဒီ အထက်တန်းကျောင်းရဲ့ CDM ကျောင်းအုပ်ဆရာကြီး ဖမ်းဆီးခံရတာဟာ ပူတာအိုမှာ ပထမဆုံး CDM ပညာရေးဝန်ထမ်း ဖမ်းဆီးခံရတာလို့ သိရပါတယ်။