ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်တပ်ဒေါက်တိုင် ခရိုနီတေဇပိုင် Putao Malikha lodge ဟိုတယ် မီးလောင်ပြီး အဆောင် ၂ ခု ပြာကျသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဧပြီလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တေဇပိုင် Putao Malikha lodge ဟိုတယ်တွင် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဘန်ဂလို ၂ လုံး မီးလောင်ပြာကျသွားခြင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်း ရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ဆိုကြသည်။
” ဘယ်လိုဖြစ်လို့ မီးလောင်လဲ မသိရသေးဘူး။ မီးလောင်တာတော့ အဆောင် ၂ လုံး အကုန် ကုန်သွားပြီ။ တစ်ခုမှ အကောင်း မကျန်တော့ဘူး။ နံနက် ၆ နာရီမှာ လောင်တာ ကုန်ပြီ။ အဲဒီဟိုတယ်က စျေးအတော်ကြီးတဲ့ဟိုတယ်ပဲ။ စစ်တပ် ဒေါက်တိုင်လည်းဟုတ်တယ်”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
တေဇ၏ Putao Malikha lodge ဟိုတယ်တွင် တစ်ညလျှင် ပျမ်းမျှ ဒေါ်လာ ၂၀၀ ဝန်းကျင် စျေးပေါက်ပြီး ခရီးသွားရာသီများဆိုလျှင် အလွန်စျေးနှုန်းကြီး မြင့်ကြောင်း သိရှိရသည်။