ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာရှိ စစ်ကောင်စီ စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း (၆) မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့၊ မနက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း KNDF တပ်ရင်း (၆) ရဲဘော် စစ်ကောင်စီတပ်နဲ့ အပြန်အလှန် တိုက်ခိုက်ရင်း ကျဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“စစ်ကောင်စီရဲ့ စခန်းကို သိမ်းနိုင်တယ်။ လက်နက်တွေ အများကြီးရတယ် ဆိုပေမယ့် အခုလိုမျိုး ရဲဘော်တွေ ကျတာမြင်တိုင်း၊ သတင်းဖတ်မိတိုင်း ဝမ်းနည်းတယ်။ တော်လှန်ရေးကို ဆင်နွှဲနေတဲ့ ရဲဘော်တွေ အားလုံးကို ဂုဏ်ယူ အလေးပြုပါတယ်” လို့ ဒီးမော့ဆို ဒေသခံ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်ကို ကို KNDF တပ်ရင်း (၆) အနေနဲ့ အာဇာနည် သူရဲကောင်းအဖြစ် အသိမှတ်ပြု မှတ်တမ်းတင်ပြီး ဈာပန အခမ်းအနားကို ကရင်နီပြည် တစ်နေရာမှာ တပ်ဖွဲ့ဝင် ရဲဘော်ရဲဘက်များက ပြုလုပ်ပေးခဲ့ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် အတွက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၆) မှ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး မိသားစုဝင်များနဲ့ ထပ်တူ ဝမ်းနည်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာနဲ့ ပူဖားကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ခြေကုပ် စခန်းကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ အရာရှိ အပါအဝင် ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ၆၀ မမ စိန်ပြောင်း ၂ လက်၊ RPG-7 တစ်လက်၊ ငါးကြင်းမြီး တစ်လက်၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ ကျည်ဆံများ၊ ဆက်သွယ်ရေးစက်များနဲ့ အသုံးအဆောင် ပစ္စည်းများကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်း ရမိခဲ့ပါတယ်။