ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ရှိ ဦးပိုင်ကုမ္ပဏီရဲ့ အင်ငါးဂွသကြားစက်က စိုက်ပျိုးရေးမန်နေဂျာ ဗိုလ်ကြီးတယောာက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နယ်ခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ဗိုလ်ကြီးဦးသန်းဝင်းနဲ့ တပည့်ဖြစ်သူ ဦးခင်မောင်အေးတို့ ဆိုင်ကယ်နဲ့ သကြားစက်အနီး တာရိုးပေါ်မှာ ရှိနေစဉ် လက်နက်ကိုင် လူငယ် ၂ ဦးက ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အဓိက ရည်ရွယ်ချက်ကတော့ သကြားစက် ပတ်ပတ်လည် ဒေသခံရွာက လူတွေကို ပျူအဖွဲ့ဝင်ဖို့ တိုက်တွန်းစည်းရုံးတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး ဧည့်စာရင်းမလုပ်တဲ့အိမ်တွေကို ထောင်ကျခံမလား၊ ငွေပေးမလား လုပ်တယ်။ ပြီးတော့ ပြည်သူအပေါ် လူမိုက်ဆန်ဆန် အနိုင်ကျင့် ဆက်ကြေးကောက်တယ်။ ပြည်သူတွေ တိုင်ကြားထားတာ ကြာပြီ။ ခုမှရှင်းတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဗိုလ်ကြီး ဦးသန်းဝင်းဟာ စစ်တပ်က အငြိမ်းစားယူကာ ဦးပိုင်ကုမ္ပဏီမှာ ရှယ်ယာထည့်ဝင်ပြီး အထွေထွေစိုက်ပျိုးရေးမန်နေဂျာ နေရာယူကာ ကြံစိုက်တောင်သူတွေကို ကြံပေါ်ရာသီတွေကျရင် ဈေးနှိမ်ဝယ်ယူပြီး ကြံရောင်းရငွေတွေကိုလည်း တလအကြာမှ ထုတ်ပေးလေ့ရှိတယ်လို့ ကြံစိုက်တောင်သူတွေထံက သိရပါတယ်။
ပစ်ခတ်ခံရသူ ဗိုလ်ကြီးနဲ့ တပည့်ဖြစ်သူတို့ ဆိုင်ကယ်နဲ့ ပေါင်းတလည်မြို့မှ သကြားစက်ကို ပြန်လာရာလမ်းကြောင်းမှာ လက်နက်ကိုင်လူငယ် ၂ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး တပည့်ဖြစ်သူ ဦးခင်မောင်အေးကိုတော့ သူနဲ့မသက်ဆိုင်တဲ့အတွက် လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။