မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းဝင်လာချိန်တွေမှာ ဒေသခံတောင်သူတွေ မကြာခဏရှောင်တိမ်းနေရတာတွေရှိလို့ စိုက်ပျိုးထားတဲ့ မြေပဲခင်းတွေကို ပြုစုထိန်းသိမ်းချိန်မရလို့ အထွက်နှုန်းလျော့ကျနေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
စစ်ကြောင်းဝင်လာတာနဲ့ တောင်သူတွေမှာ စိုက်ခင်းတွေပစ်ထားပြီး ဘေးလွတ်ရာရှောင်နေကြရသလို၊ ကျွဲ၊ နွား၊ တိရစ္တာန်တွေကိုလည်းဖြစ်သလိုထားခဲ့ရလို့ မြေပဲစိုက်ခင်းထဲမှာ တိရစ္ဆာန်တွေ စားသောက်လို့ပျက်စီးတာလည်းရှိပြီး၊ ပြုစုစောင့်ရှောက်ချိန်မရလို့ အထွက်နှုန်းလျော့ကျတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပဲလေးမျိုးလို့ခေါ်တဲ့ ၃ လမြေပဲစိုက်တာပါ။ အထွက်နှုန်းက အရင်နှစ်လောက် မထွက်ကြဘူး။ ရာသီဥတုကောင်းပြန်တော့ စစ်ကြောင်းတွေဝင်လာလို့ အေးဆေးမလုပ်ရပါဘူး။ အခုမှနှုတ်နေကြတုန်းပါ။ အကုန်လုံးတော့ မပြီးကြသေးပါဘူး” လို့ တောင်သူအမျိုးသမီးက ပြောပါတယ်။
တောင်ယာမြေတွေမှာ မြေပဲဆံ ၁ တင်းစိုက်ပျိုးထားရာ ယခင်နှစ်က မြေပဲတင်း ၅၀ ခန့် ထွက်ပေမယ့်၊ ယခုနှစ်ကတင်း ၃၀ ကျော်လောက်ပဲထွက်ပြီး၊ အထွက်နှုန်းလျော့ကျတာဖြစ်လို့ အမြတ်မကျန်ဘဲ စားဝတ်နေရေးပိုင်းမှာ ခက်ခဲနေကြတယ်လို့ သူမက ဆက်ပြောပါတယ်။
“မြေပဲစိုက်ရမယ့်အချိန်အခါမီ မစိုက်ပျိုးနိုင်တာ ပါမယ်။ စစ်ကြောင်းက ခဏခဏဝင်လာတော့ရွာမှာ မနေရဲဘူးလေ။ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ အကုန်လာတာပါ။ ကြားပေါင်းလိုက်တာ၊ ဆေးဖြန်းတာ ၊ မြေဆွတာတွေ အချိန်မီမလုပ်ရတော့ အထွက်နှုန်းလျော့တာပေါ့ ” လို့ တောင်သူတဦးက ပြောပါတယ်။
ပေါက်နယ်တောင်ပိုင်းကကျေးရွာတွေဖြစ်တဲ့ ယာကြီးပြင်၊ ခင်ရှည်၊ ပန်းတော်ကန်၊ ကျားပန်းကန်၊ သစ်ညီနောင်၊ တင်းမ၊ အစရှိတဲ့ကျေးရွာပေါင်း ၁၅ ရွာခန့်မှာ မြေပဲစိုက်ပျိုးထားတာဖြစ်ပြီး၊ စစ်ကြောင်းဝင်လာတဲ့ အချိန်တွေမှာ မြေပဲမနှုတ်နိုင်ဘဲဖြစ်နေတယ်လို့ သိရပါတယ်။