မကွေးတိုင်း၊ ပေါက်နှင့် ပခုက္ကူမြို့နယ် နယ်စပ်တွင် ဟင်းစားရှာထွက်လာသည့် သာကြီးတောင် ရေနံမြေစခန်းမှ ရဲတပ်သားနှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၈ ရက်က ပေါက်မြို့နယ်နှင့် ပခုက္ကူနယ်အကြား စစ်ကောင်စီတပ် အထိုင်ချတပ်စွဲရာ သာကြီးတောင် ရေနံမြေစခန်းမှ အသက် (၃၀) ကျော်အရွယ် ရဲတပ်သား နှစ်ဦး ဟင်းစားထွတ်ရှာလာစဥ် ကင်းပုန်ဝပ်စောင့်ဆိုင်း၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် Dog Killer Task Force ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။
၎င်းတို့ ကိုင်ဆောင်လာသည့် G3 သေနတ် ၂ လက်၊ ကျည်ဘောက် ၄ခု၊ ကျည် ၃၀၀ တောင့်၊ ဓား ၂ ချောင်း၊ လက်ထိပ် တစ်ခု၊ ဖုန်း ၂ လုံးတို့ကိုပါ သိမ်းဆည်းရမိကြောင်း သိရသည်။
“ဖမ်းဆီးရမိတဲ့ ရဲတပ်သား ၂ဦးက ပြန်လည်ပစ်ခတ်တာမျိုး မရှိတဲ့အတွက် ဂျီနီဗာကွန်ဗန်းရှင်း ၊ပြည်သူကာကွယ်ရေးတပ်တော်ရဲ့ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားပါတယ်။”ဟု ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံကိုစစ်က ပြောသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ၉ ရက်နှင့် ၁၀ ရက်က ပေါက်မြို့နယ် အနောက်ပိုင်း၊တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများတွင် ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့၍ နေအိမ်အချို့ ပျက်စီးမှုများရှိနေကြောင်း သတင်းရရှိသည်။