မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)မှ ကျေးရွာများအား လက်နက်ကြီးဖြင့် ယနေ့ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံများမှ လက်နက်ခဲယမ်းများသယ်ဆောင်ရန် စစ်ကောင်စီက စီစဉ်နေပြီးနောက် ယခုလိုကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပေါက်မြို့နယ်ရှိ လယ်ဘဲ့ကျေးရွာကို ကပစ-၂၄မှ ယနေ့နံနက် ၁၀နာရီခန့်က လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းမြောက်ဘက် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
“ပေါက်အရှေ့တောင်ဘက်ကို လက်နက်ကြီးနဲ့ပစ်တာ။ ရွာထဲကျပေမယ့် လူထိခိုက်တာမျိုး မရှိပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကပစ-၂၄အတွင်း Mi-17တစ်စင်း ယနေ့ နေ့လယ်၁နာရီခန့်က ဆင်းသက်ခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။
ထို့အပြင် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ-၂၁ကလည်း ကျေးရွာများအား လက်နက်ကြီးများဖြင့် ယနေ့ နံနက်ပိုင်းက ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ကပစများမှ စစ်လက်နက်များသယ်ယူရန် စီစဉ်နေခြင်းကြောင့် ကာကွယ်ရေးတပ်များရှိရာနေရာများနှင့် ကာကွယ်ရေးတပ်များ စိုးမိုးထားသည့်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်စစ်ကြောင်းထိုးခြင်းတို့ကို ယခုရက်ပိုင်းအတွင်း ပြုလုပ်နေသည်ဟုလည်း တော်လှန်ရေးရဲဘော်များက ပြောသည်။