မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲခြင်း၊ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်အချိန် ပေါက်မြို့နယ် ရေပြာကျေးရွာ ရေပြာရဲစခန်းသို့ ရောက်ရှိနေသော စစ်တပ်အင်အား ၂၀၀ ကျော်ခန့်က ပေါက်မြို့နယ် ကုက္ကိုစုပျူရွာသို့ ရိက္ခာယာဥ်တန်း ထွက်လာစဥ် ပေပါ ပဒေ သာ မိုင်း ၃ လုံးဖြင့် စတင်တိုက်ခိုက်ခဲ့ရာတွင် စစ်သား ၇ ဦးခန့် နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး စစ်သား ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကြောင်း၏ ရှေ့ပြေးပွိုင့်အဖြစ် ဆက်လက်ထွက်ခွာလာခဲ့သော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြင်ဆင်ထားသော မိုင်းပွိုင့်အရောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ စစ်သားများမှာ ကြောက်လန့်၍ အော်ဟစ်ကာ ယာခင်းများအတွင်း ပတ်ပြေးနေပြီး ထပ်မံ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးခန့် အတုံးအရုံး လဲကျသွားပြီး သေဆုံးဒဏ်ရာရရှိမှုကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
အဆိုပါ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးများဖြင့် ဖြုတ်ချတိုက်ခိုက်ရာ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီလ ၅ ရက်နေ့ ညနေ ၄ နာရီ ၄၈ မိနစ်အချိန် ရေပြာရဲစခန်းမှ မောင်းနှင်လာသည့် Jammer ကားပါ မော်တော်ယဥ် ၄ စီးမှာ နင်းမိုင်းထိ၍ နေရာတွင်ပင် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း၊ စစ်သား ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုများကို မြိုင်ပကဖ ရင်း ၁ ၊ ပေါက်ပကဖနှင့် ဗိုလ်လရောင်အဖွဲ့များ၊ ဗိုလ်ရိုးမအဖွဲ့များ၊ ပခုက္ကူခရိုင် ရင်း ၁၆ ၊ ခွဲ ၂၊ (FRG) တို့က စနစ်တကျစီစဥ်ကာ တိတိကျကျ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။