မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ၈ ရက်ကြာ စစ်ဘေး တိမ်းရှောင် နေရသည့် ကျေးရွာ ၁၅ ရွာကျော်မှ ပြည်သူများ ဆေးဝါး၊ မိုးကာနှင့် ရိက္ခာများ လိုအပ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့က စတင်ကာ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ၈ ရက်ကြာသည်အထိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၅ ရွာကျော်မှ ပြည်သူများသည် ဆေးဝါး၊ မိုးကာနှင့် ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိချိန်တွင် ပေါက်မြို့နယ်အတွင်းရှိ ကျွန်းဒိုင်းရွာ၊ ဂဲပင်အင်းရွာ၊ ဓာတ်တော်ရွာ၊ ဝန်တင်ရွာ၊ ဇောင်းရှားပင်ရွာ၊ မင်းကိုင်းရွာ၊ ကျောညှာရွာ၊ ရေခါးရွာ၊ သရက္ကန်ရွာ၊ မန်ကျည်းခုံရွာ၊ အိုင်းမရွာ၊ ကျောက်တိုင်ခင်ရွာ၊ ကံသစ်ရွာ၊ တဲကြီးရွာနှင့် တောင်လုံးရွာတို့မှ ပြည်သူများ စစ်ဘေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
” စစ်ရှောင်တာ ကြာလာပြီဆိုတော့ စားနပ်ရိက္ခာတွေ ဆေးဝါးနဲ့ မိုးကာတွေ လိုအပ်နေတယ်။ ဒီရက်ပိုင်း မိုးတွေတအားရွာနေလို့ ဆေးဝါးတွေ လိုအပ်နေတယ်။ အကူအညီတွေ လိုအပ်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။