ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF)မှ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ပြောသည်။
ယမန်နေ့(ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့) မွန်းလွဲ ၃ နာရီခန့်က ပေါင်းတည်နယ် သစ်ပုတ်အုပ်စု၊ တောင်ခမောက် ကျေးရွာသို့ စစ်ကောင်စီတပ်မှ အင်အား ၂၀ကျော်ဖြင့်ရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်စီးနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အချိန်မီဝင် ရောက်ပစ်ခတ်တိုက်ခိုက်သော်လည်း ကျေးရွာအတွင်း နေအိမ်(၂၀)လုံးနှင့် စပါးကျီနှစ်လုံး မီးလောင်ပြာကျသွားခဲ့ကြောင်း တပ်ရင်း(၃၆၀၁) မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာ ဝန်ခံက ပြောသည်။
“(စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု)မရှိနိုင်ဘူး။ (ပစ်ခတ်ခံရသည်တွင်)တခါတည်းတန်းပြီးပြေးတာ”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်မှုကြောင့် နောက်ကြောင်းပြန်ဆုတ်ကာ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ယနေ့(ဇန်နဝါရီ ၅)အထိ အဆိုပါစခန်း၌ ဆက်ရှိနေကြောင်း တပ်ရင်း(၃၆၀၁)က အသိပေးသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် တောင်ခမောက်ကျေးရွာမှ အိမ်ထောင်စု(၂၁)စု၊ ကျား(၂၀)ဦး၊ မ(၂၉)ဦး၊က လေးသူငယ်(၁၀)ဦးအပါအဝင် စုစုပေါင်း (၅၉)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကာ နေထိုင်စားသောက်ရေး အကူအညီများလိုအပ်နေကြောင်း စုံစမ်းသိရသည်။