ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ရန်ကုန်-ပြည် အဝေးပြေးကားလမ်းပိုင်းရှိ မြို့အဝင် ဆိုင်းဘုတ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိန်ဆွဲပြီး လာဖြုတ်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ၃၆၀၁ PPDF တပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်-ပြည် အဝေးပြေးကားလမ်းပိုင်းရှိ မြို့အဝင် ဆိုင်းဘုတ်တွင် “တစ်တိုင်းလုံးညီ တစ်ပြည်လုံးရဲမင်းအောင်လှိုင်ခေါင်းဒေါင်းနင်းတဲပွဲ” စာတန်းချိတ်ဆွဲပြီး ပေါင်းတည်မြို့နယ်မှ စာတန်းလာဖြုတ်သည် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာ ရရှိမှုကို စုံစမ်း နေဆဲဖြစ်ပြီး ပေါင်းတည်မြို့နယ် ပကဖအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေနဲ့ ဘယ်လိုစစ်ဆင်ရေးမျိုးဘဲ ဆောင်ရွက်ဆောင်ရွက် ပြည်သူကို ထိခိုက်မှု မရှိအောင် စဉ်းစားပြီးလုပ်တဲ့အတွက် အခုလိုမြို့ပြင်မှာ သွားရောက် လုပ်ကိုင်ခဲ့တာပါ။ ပြည်သူများအနေနဲ့ စစ်ကောင်စီ ယာဥ်တန်းတွေရယ် ၎င်းတို့နဲ့ နီးစပ်တဲ့ နေရာတွေမှာ မနေဖို့ရယ် အိမ်စီးကားတွေနဲ့ စစ်ခွေးတွေရဲ့ ရိက္ခာနဲ့ စစ်လက် နက်ခဲယမ်းပစ္စည်းများကို မသယ်ဆောင်ဖို့ကိုလည်း မေတ္တာရပ်ခံအပ်ပါတယ်” ဟု ပေါင်းတည်မြို့နယ် ၃၆၀၁ PPDF တပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။