ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ထိန်သေးကျေးရွာ အပါအဝင် ကျေးရွာ ၈၈ ခုတွင် စစ်မှုထမ်းရန်အတွက် ကျေးရွာသားများကို မဲနှိုက်ခိုင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့ ညပိုင်းတွင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ထိန်သေးကျေးရွာ အပါအဝင် ကျေးရွာ ၈၈ ခုတွင် တစ်အိမ် ထောင်လျှင် မဲတစ်လိပ်ဆီ မဲနှိုက်ခိုင်းကြောင်း၊ မဲပေါက်သော အိမ်ထောင်စုအနေဖြင့် စစ်မှုထမ်းရန် လူတစ်ဦး ပေးရမည်ဖြစ်ပြီး စစ်သင်တန်းပေးကာ ရှေ့တန်းသို့ စစ်တပ်နှင့်အတူ သွား ရောက် တိုက်ခိုက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
“တစ်အိမ်ထောင် တစ်ယောက်စီ မဲနှိုက်ခိုင်းတယ်။ မဲပေါက်တဲ့အိမ်ထောင်စုက တစ်ဦး လာရမယ်။ စစ်မှုထမ်းရမယ်။ စစ်မှုထမ်းရမယ်ဆိုပြီး အတင်း စေခိုင်းနေပါတယ်။ ရွာကနေထွက်ပြီး ရပ်ဝေးမှာအလုပ်လုပ်နေသူများပါမကျန် မဲစာရင်းထဲထည့်နှိုက်တယ်။ နတ်တလင်းမှာရှိတဲ့ ၈၈ကျေးရွာ အုပ်စုအကုန်လုံးမဲနှိုက်နေရတယ်။ တစ်ရွာကို နှစ်ဦးနှုန်း စစ်မှုထမ်းရမှာ။ အခု မဲနှိုက်ခိုင်းတာ ပထမအသုတ်လို့ ပြောတယ်။ နောက်အသုတ်တွေကျရင် မဲပေါက်ထားခဲ့တဲ့ အိမ်ကိုဖယ်ပြီး ကျန်အိမ်တွေကိုပြန်ပြီးမဲနှိုက်ရွေးချယ်မယ်။ တစ်ရွာမှာ နှစ်ဦး စစ်မှုထမ်းဖို့ ပေးရမှာဆိုတော့ ၈၈ ရွာဆိုတော့ ၁၇၆ ဦး စစ်မှုထမ်းဖို့ လူလာစုတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော ပဲခူးတိုင်းတွင် KNLA ၊ PDF ဦးဆောင်သော တပ်များက စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်နေပြီး ရန်ကုန်နှင့်အနီးဆုံးဖြူးမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းတွင် ကျေးရွာပြည်သူများကို စစ်မှုထမ်းခိုင်းပြီး ပျူစောထီးများအဖြစ် စစ်တပ်က လက်နက်တပ်ဆင်ပေးနေသည်။