ပဲခူးမြို့ မြို့ရှောင်လမ်းမရှိ အကြမ်းဖက်စစ်ကောင်စီ၏ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို ယမန်နေ့ညပိုင်းက ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် (၁)ဦးသေ၊ (၂)ဦး ဒဏ်ရာပြင်းထန်ရရှိကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ ၃ ဦးသုံးဒဏ်ရာရပြီး ဆေးရုံတွင် သေဆုံးသွားသည်ဟု ဒေသခံအချို့ကပြောသည်။
ယမန်နေ့(အောက်တိုဘာ ၃) ည ၈ နာရီခန့်တွင် ပဲခူးမြို့နယ်ပကဖ က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂိတ်ပေါက်ဘန်ကာကိုလည်း မိုင်းခွဲ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် တစ်ဦးသေဆုံး၍ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲကလည်းယနေ့ထုတ်ပြန်သည်။
“ညက မြို့ရှောင်လမ်းဘက်က ထောက်ပို့တပ်ကို PDF တွေ ဗုံးနဲ့ လာပစ်သွားတာပါ။ စစ်သား ၃ ယောက်လောက်ထိပြီး ဖြစ်ဖြစ်ချင်း ရန်ကုန်ဆေးရုံကို တန်းပို့တယ်လို့ သိရတယ်။ ဒီမနက် ဆေးရုံမှာ တစ်ယောက် သေသွားတယ် ကြားပါတယ်။ နောက်နှစ်ယောက်လည်း အခြေအနေမကောင်းဘူး လို့တော့ သိရတယ်” ဟု ပဲခူးမြို့ခံပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) နှင့် Daik-U Defence Force(DDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း BPDF အဖွဲ့က ဆိုသည်။
ယနေ့ နံနက်တွင် ပဲခူးမြို့အတွင်း စစ်ကားများ လှည့်လည်စစ်ဆေးမှု ပြုလုပ်နေပြီး ပဲခူးမြို့အဝင် တိုးဂိတ်၊ ဥဿာမြို့သစ်နှင့် မြို့ရှောင်လမ်းတို့တွင်လည်း ဖြတ်သန်းသွားလာသည့် ယာဥ်များကို စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။