ပဲခူးတိုင်း၊ မင်းလှမြို့နယ် ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပဲခူးရိုးမအစပ် စမ်းဘုတ်ကျေးရွာထိပ်တွင် အင်အား ၁၅ဦးဖြင့် တပ်စွဲထားသည့် စစ်ဆေးရေးဂိတ်အား ဒီဇင်ဘာ ၈ရက် ည ၈နာရီခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“(အပြန်အလှန်ပစ်ခတ်ချိန်)နာရီဝက် ကျော်မယ်။ စခန်းထဲဝင်စီးပြီး စစ်သားနဲ့ ရဲ နှစ်ကောင် အရင်စဆော်တာ။ နှစ်ကောင်လုံး သေတာ။ အဲနှစ်ကောင် သေတာမြင်တော့ ကျန်တဲ့ကောင်တွေ ကတုတ်ကျင်းထဲ ဆင်းပြေးကြတာ”ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲတပ်သား ကောင်းမိုးထက်နှင့် စစ်သားနှစ်ဦးအပါအဝင် စုစုပေါင်းသုံးဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် သေဆုံးစစ်ကောင်စီတပ်သားများထံမှ မိုလ်ဘိုင်းဖုန်းနှစ်လုံး၊ ဓာတ်မီးနှစ်လက်၊ ကျပ် ၂၀,၀၀၀ ၊ သက်သေခံကတ်ပြား ခုနစ်ခုနှင့် ကျည် ၁၇တောင့် သိမ်းဆည်း ရရှိခဲ့ပြီး စစ်ကူများ ရောက်လာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု တပ်ရင်း (၃၈၀၂)က အသိပေးသည်။
“စကစ ဘက်က စစ်သားအလောင်းနဲ့ သေနတ်ကို ကတုတ်ကျင်းထဲ အရပြန်ဆွဲယူလို့ သေနဲ့မရလိုက်ဘူး”ဟု တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူက ဆိုသည်။
အထက်ပါ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်သည် မင်းလှမြို့နယ်အပိုင် ရိုးမအစပ်တွင်တည်ရှိပြီး ပဲခူးရိုမှပေါ်မှ အတက်အဆင်းနှင့် ကံတင်ဘီးလင်းဆည်ဘက်သို့သွားလိုလျှင် မဖြစ်မနေ ဖြတ်သန်းရသည့် ဂိတ်စခန်းတစ်ခုလည်း ဖြစ်သည်။