မင်းလှမြို့နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက်ကဖြစ်ပွားသောတိုက်ပွဲလေးကြိမ်၌ စစ် ကောင်စီဘက်မှ ၄၀ဦးခန့်သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅) နှင့် အမှတ်(၂) စစ်ဒေသခွဲ မှ တာဝန်ရှိသူတို့ကအတည်ပြုသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်နှင့်အနီးတဝိုက်တွင်ဖေဖော်ဝါရီ ၁၈ ရက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၄၀ဦးထက်မနည်းသေဆုံးသည့်သတင်းမှန်ကန်ကြောင်း အမှတ်(၂) စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူးရဲဘော်တင်ဦးက အတည်ပြုပြောကြားသည်။
ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀နာရီခန့်က ခါချဉ်တောင်ပေါ်သို့အင်အား၄၀ခန့်ဖြင့် တက်လာသောစစ်ကောင်စီစစ်ကြောင်းကို (၄၈)ပေါက် ဖုတ်တက်ကြီးအဆင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၌ စစ်ကောင်စီဘက်မှ ၁၅ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ထို့အပြင် မွန်းတည့် ၁၂နာရီခန့်တွင် စစ်ကူလာသည့် အင်အား ၂၅ဦးပါ ဖောကားအား ဟိုင်းယုလမ်းဆုံနှင့် ပျ ဉ်းကတိုးခင်းကြား၌ ၄၀မမများဖြင့် စောင့်ကြို ပစ်ခတ်သဖြင့် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅)က သတင်းထုတ်ပြန်သည်။
ညနေ ၃နာရီနှင့် ၅နာရီခွဲခန့်တွင်လည်း ခါချဉ် တောင်ပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်တက်လာရာပက်ကွေ့ကြီးအဆင်းနှင့် ရှောက်ပင်ချောင်းအနီးမှစောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရသည်။ထိုတိုက်ခိုက်မှုနှစ်ကြိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်းဆိုသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများကို သီးခြားအတည်မပြုနိုင်ပါ ။
မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာဖြစ်သည်။တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်၍ပြည်သူများအနေဖြင့် ပဲခူးရိုးမ အတွင်း သွားလာမှုများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅)ကအသိပေးထားသည်။