ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်ခရိုင် ၊ မုန်း ဒေသ မှာရှိတဲ့ ရေလဲ ရွာကို ဒီနေ့မှာ စစ်ကောင်စီ လေတပ်က တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ဆိုပါတယ်။
ရေလဲရွာထဲကို နေ့ခင်းပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်မှာ ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရာမှာ ဘုရားကျောင်းနဲ့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ကျေးရွာဆေးပေးခန်းလည်း တိုက်ခိုက်ခံရပြီး အရပ်သားပြည်သူထိခိုက်မှုအခြေအနေကို KNU ရဲ့ ဖော်ပြချက်မှာမတွေ့ရပါဘူး။
လေကြောင်းတိုက်ခိုက်မှုကြောင့် ရေလဲရွာ ဘုရားကျောင်း ၊မူကြိုကျောင်းပျက်စီးပြီး ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ဆန်ဂိုဒေါင်တွေ မီးလောင် သွားတယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှု ရုပ်သံဖိုင်ကို KNU က ဖော်ပြရာမှာ မီးလောင်ပျက်စီးသွားတဲ့နေအိမ်ကို မီးငြိမ်းသတ်နေတာတွေ့ရပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ဟာ ကရင်ပြည်နယ်နဲ့ထိစပ်ပြီးနေပြီး အဲဒီဒေသအတွင်း စစ်ကောင်စီတပ်နဲ့ KNU ၊ PDF တပ်တွေကြား မကြာခဏ တိုက်ပွဲတွေဖြစ်ကြပါတယ်။