▪︎အိမ်တော်ကို ဗုံးချတယ်ထင်တယ် အခု။ မီးပွင့်တာကို မြင်ရတယ်”-ဒေသခံတစ်ဦး
ပြင်ဦးလွင်မြို့တွင် ယနေ့ည ၉နာရီ ၁၆ မိနစ်မှစ၍ ကျယ်လောင်သည့်ပေါက်ကွဲသံများအကြိမ်ရေ ဆယ်နှင့်ချီ၍ ကြားရကြောင်း ဒေသခံများကပြောသည်။
“ည ၉နာရီခွဲလောက်က စပြီးပေါက်ကွဲနေတာ။ ဆက်တိုက်ပေါက်ကွဲနေတာ။ ဆက်တိုက်ပေါက်နေတာ။ တစ်မြို့လုံးကို ပေါက်ကွဲနေတာ။ နေရာအနှံ့လောက်ပဲ။ အခုည ၁၀နာရီအထိ ပေါက်ကွဲနေတာ”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။
ပြင်ဦးလွင်မြို့ရှိ အိမ်တော်နေရာနှင့် DSA ကျောင်းအနီးရှိ အမှတ်(၁၉)ရပ်ကွက်အနီးတွင်လည်း ပေါက်ကွဲနေသည်ဟု ၎င်းက ပြောသည်။
“အိမ်တော်ကို ဗုံးချတယ်ထင်တယ် အခု။ မီးပွင့်တာကို မြင်ရတယ်”ဟု ဆက်ပြောသည်။
“အရမ်းကိုပြင်းတဲ့ပေါက်ကွဲသံပါ။ အိမ်တောင်တုန်ပါတယ်။ တစ်မြို့လုံးကနေကြားရတာ။ အိမ်တုန်တာလည်းတစ်မြို့လုံးသိရတယ်” ဟု ပြင်ဦးလွင်မြို့အဝင် ကျောက်တောင်လမ်းဆုံ၌ နေထိုင်သူတစ်ဦးကပြောသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှူ၊ ပေါက်ကွဲမှုဖြစ်ပွားသောတည်နေရာ စသော အခြေအနေအသေးစိတ်ကိုမသိရှိရသေးပေ။
“ပေါက်ကွဲသံတွေကဆက်တိုက်ကြားနေတာ။ လက်နက်ကြီးပစ်တာလားပါလာလဲမသိဘူး”ဟု ပြင်ဦးလွင်မြို့ ရေချမ်းအိုးကျေးရွာ၌နေထိုင်သူတစ်ဦးကပြောသည်။
ပြည်ဦးလွင်မြို့တွင် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တို့တည်ရှိပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မိသားစုဝင်များသည် ပြင်ဦးလွင်တွင်ရောက်ရှိနေကြောင်းလည်းသတင်းများထွက်ပေါ်နေသည်။ အာဏာသိမ်းခေါင်းရှိနေသောကြောင့် ပြင်ဦးလွင်တွင်မီးလည်းမပျက်ကြောင်းဒေသခံအချို့ကပြောသည်။
“ဒီနေ့ထူးခြားမှုက စစ်တပ်လေယာဉ်တွေ ပြင်ဦးလွင်တစ်ဝိုက်မှာ တစ်နေကုန်ပျံနေတယ်။ အခုညပေါက်ကွဲသံတွေက စစ်တပ်က ခြောက်ပစ်ပစ်တာဖြစ်နိုင်တယ်” ဟု ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ဧပြီလ (၈) ရက်နေ့ကလည်း နံနက်အစောပိုင်းပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ စစ်တက္ကသိုလ် (DSA) ကို မန္တလေးတိုင်း(ပကဖ)က ၁၀၇ မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းNUG ၊ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်သည်။
စစ်တက္ကသိုလ် (DSA) ကို ၁၀၇ မမ ရှော့တိုက်ဒုံး (၅) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ (၄) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထားသည်။