ပြင်ဦးလွင်မြို့အနီးမှာ ပြီးခဲ့တဲ့လပိုင်းက တစ်လနီးပါးဖြစ်ပွားခဲ့တဲ့ သပြေညိုစစစ်ဆင်ရေးဟာ မန္တလေးကိုဝင်ဖို့ခြေလှမ်းအစဖြစ်တယ်လို့ MDY _PDF ကထုတ်ဖော်ပြောဆိုပါတယ်။
ဒီစစ်ဆင်ရေးဟာ (၁၈) ရက်နီးပါးကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က တပ်ရင်းမှူးတွေအပါအဝင် အရာရှိတွေနဲ့ စစ်သား (၁၀၀) ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၀၀) ကျော်ရှိခဲ့ကာ MDY _PDF အဖွဲ့ဝင် (၁၁) ဦးကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“စစ်ဆင်ရေးမှာ စကစရဲ့ ဗျူဟာမှူး ဒဏ်ရာအကြီးအကျယ်ရပြီး လက်တဖက် ဖြ တ် လိုက်ရပါတယ်။ ဒါ့အပြင် ခလရ (၁၁၅) တပ်ရင်းမှူး ဒွမ် ခဲ့ပြီး ခလရ (၁၁၄) တပ်ရင်းမှူး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ခလရ (၂၅၈) မှ ဗိုလ်မှူးအဆင့်ရှိ 2IC ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး ဗိုလ်ကြီးတစ်ဦး နှင့် အရာရှိများအပါအဝင် (၁၄၀)ဦးခန့် ဒွမ် ခဲ့ပြီး (၁၃၆)ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်”လို့ MDY _PDF ကဖော်ပြပါတယ်။
ဒီလိုစစ်အုပ်စုဘက်က အထိနာသွားတဲ့တိုက်ပွဲအကြောင်းအသေးစိတ်ကိုတော့ MDY _PDF အဖွဲ့ရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်း က မနေ့ကပြုလုပ်တဲ့ ပြည်တော်ဝင်ရဲ့မန်းလေးလွမ်းချင်း စကားဝိုင်းမှာအခုလိုပြောပါတယ်။
ဒီလိုအောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေထပ်မံဖော်ဆောင်ဖိုအတွက်လက်ရှိမှာ MDY _PDF အဖွဲ့အနေနဲ့ ပြည်တော်ဝင် Project ဆိုပြီး ကျပ်သိန်း (၄၀၀၀) အလှူငွေကောက်ခံနေပြီး ပြည်သူလူထုအနေနဲ့ပါဝင်ကြဖို့ကို နိုးဆော်တိုက်တွန်းထားပါတယ်။
“သပြေညိုစစ်ဆင်ရေးကဲ့သို့ ဗျူဟာကျပြီး မန္တလေးဆီကို လှမ်းလာမယ့် စစ်ဆင်ရေးများကို ဖော်ဆောင်နိုင်ဖို့ အတွက် လိုအပ်တဲ့ ခဲယမ်းတွေကို ဖြည့်တင်းဖို့ “ငွေ” လိုပါတယ်။ ကျနော်တို့ PDF တွေမှာ မြန်မာ့သယံဇာတတွေကို ထုတ်ယူသုံးစွဲပစ်နိုင်တဲ့ နှလုံးသား မရှိပါဘူး၊ ပြည်သူတွေ အဆင်မပြေမှန်း သိတဲ့ကြားက အခွန်အတုတ်တွေ တိုးမြှင့်ကောက်နိုင်တဲ့ ရက်စက်တဲ့ နှလုံးသားမရှိပါဘူး။ ပြည်သူတွေ အတိဒုက္ခရောက်စေမယ့် မူးယစ်ဆေးဝါး ကုန်သွယ်ဖို့ဆို ပိုဆိုးပေါ့ဗျာ။ ဒါ့ကြောင့် လိုအပ်တဲ့ “ငွေ” ကို ပြည်သူ့ထံမှ အခုလိုမျိုး အကူအညီ တောင်းခံရတာပဲ ဖြစ်ပါတယ်”လို့လည်းဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY_PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အောက်မှာ စုဖွဲ့ထားတာဖြစ်ပြီး လက်ရှိမှာတော့ တပ်ရင်း (၅) ရင်းအထိတိုးချဲ့ဖွဲ့စည်းထားနိုင်သလို စစ်အုပ်စုနဲ့ ဖေဖော်ဝါရီနဲ့ ဧပရယ်လတွေမှာ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိနာအောင်တိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။